ကိုဗစ်ကာလအတွင်း စားဝတ်နေရေးခက်ခဲ့နေသည့် စစ်တွေမြို့မှ အိမ်ထောင်စု ၂၀၀ အတွက် ပရဟိတလူငယ်များအသင်းမှ ကူညီထောက်ပံ့သွားမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၂၀၀ အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပရဟိတလူငယ်များအသင်း(Charity Youths Organization)မှ သိရသည်။

06 Aug 2021

DMG ၊ သြဂုတ် ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၂၀၀ အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပရဟိတလူငယ်များအသင်း(Charity Youths Organization)မှ သိရသည်။

လက်ရှိ Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအနေဖြင့် စားဝတ်နေရေးအဆင်မပြေမှုများရှိနေခြင်းကြောင့် ယခုကဲ့သို့ကူညီခြင်းဖြစ်သည်ဟု အမှုဆောင်ဒါရိုက်တာ ကိုထူးထူးက DMG သို့ပြောသည်။

"ကိုဗစ်ကာလမှာ အပြင်မထွက်ရတာတွေရှိတယ်။ ဒီလိုအချိန်မျိုးမှာ ဒုက္ခတွေရောက်ရတဲ့သူတွေကို ကျွန်တော်တို့က ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီလူတွေအတွက် ကျွန်တော်တို့ အသင်းရန်ပုံငွေထဲကငွေတွေနဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်"ဟု ဆိုသည်။

ယခုကူညီမှုကို စစ်တွေမြို့ရှိ ရပ်ကွက်အချို့မှ လက်လုပ်လက်စားများကို အဓိကကူညီပေးသွားမည်ဖြစ်ကြောင်း ကိုထူးထူးက ဆိုသည်။

"အဓိကတော့ လက်လုပ်လက်စားသမားတွေများတဲ့ ရပ်ကွက်တွေကို ပိုလှူသွားမယ်။ လှူတဲ့အခါ ဆန်၊ဆီ၊ကြက်ဥ စတာတွေကို တစ်အိမ်ထောင်ကို နှစ်သောင်းနှုန်းလောက်လှူသွားမယ်။ အများကြီးလှူချင်ပေမယ့် ကျွန်တော်တို့မတက်နိုင်ဘူးလေ" ဟု သူကပြောသည်။

ပရဟိတလူငယ်များအသင်းအနေဖြင့် စစ်တွေအပြင် အခြားမြို့များရှိ လိုအပ်နေသူများသို့ ကူညီပေးနိုင်ရန်အတွက် တပ်အပ်မပြောနိုင်သေးပဲ အလှူရှင်များအပေါ်မူတည်၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကူညီလုပ်ဆောင်မှုများမှာ ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကဆိုသည်။

"လှူတာကိုကျွန်တော်တို့ ဝမ်းသာရသလို ကြိုလည်းကြိုဆိုပါတယ်။ ဒီလိုအခက်အခဲကာလမှာလှူတာကို ပိုပြီးကြိုဆိုတယ်။ ဒါပေမယ့် လှူတဲ့အခါမှာ တကယ်လိုတဲ့လူတွေကိုလှူပေးနိုင်ဖို့မျှော်လင့်တယ်။ ပြောချင်တာက လူတစ်ယောက်ကို နှစ်ခုမလှူမိဖို့ ဂရုစိုက်စေချင်ပါတယ်" ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှုကိုလျှော့ချနိုင်ရန်အတွက် ULA/AA မှ Stay at Home ကာလအဖြစ် ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ သြဂုတ်လ ၄ ရက်နေ့မှ သြဂုတ်လ ၁၈ ရက်နေ့အထိ ထပ်တိုးထုတ်ပြန်ထားသည်။

ဗီဒီယိုများ