“၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်ပစ်ရမည်”ဟု ကာကွယ်ရေးဦးစီးချုပ်ပြောခြင်းမှာ တပ်သားများအား အခြေခံဥပဒေကို သဘောပေါက်ရန်ပြောဆိုခြင်းဟု တပ်မတော်ထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံကို မလိုက်နာမလေးစားလျှင် ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုခဲ့သည်မှာ သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်းသဘောပေါက်စေရန် ပြောဆိုခြင်းသာဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

30 Jan 2021

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၃၀ ၊ စစ်တွေ

၂၀၀၈ ဖွဲ့စည်းပုံကို မလိုက်နာမလေးစားလျှင် ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုခဲ့သည်မှာ သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်းသဘောပေါက်စေရန် ပြောဆိုခြင်းသာဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တပ်မတော်သားများ အနေဖြင့် အခြေခံဥပဒေကို လေးစားလိုက်နာရန် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဆွေးနွေးခဲ့ခြင်းသာ ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

တပ်မတော်မှာ လက်နက်ကိုင်ထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် အခြေခံဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် တပ်မတော်သားများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိဘဲ တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသာဖြစ်သည်ဟု တပ်မတော်က ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသည် Mother Law ပင်ဖြစ်ပြီး မိမိတို့တပ်မတော်သားများအနေဖြင့် လေးစား လိုက်နာရန်လိုအပ်သည်။ ဥပဒေကိုမလေးစား၊ မလိုက်နာပါက အဆိုပါဥပဒေကိုအသုံးပြုန်မလိုအပ်တော့သဖြင့် ဖျက်ပစ်ရမည်” ဟု ပြောဆိုချက်သာဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ယင်းကဲ့သို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး အချို့သောအဖွဲ့အစည်းများနှင့် မီဒီယာများမှာ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဖျက်သိမ်းလိမ့်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏မိန့်ခွန်းကို လေးစာမှုမရှိဘဲ လိုရာဆွဲပြောနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“တပ်မတော်အနေဖြင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို စောင့်ထိန်းလိုက်နာလျက်ရှိပြီး ပြာဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ လိုက်နာဆောင်ရွက်ရန်ရှိသည်။ သို့ရာတွင် အချို့သော အဖွဲ့ အစည်း၊ သတင်းမီဒီယာများအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံအပေါ် လေးစားမှုမရှိဘဲ လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုလျက် ထုတ်ပြန်ချက်များ၊ သတင်းသုံးသပ်ချက်များ ပြုလုပ် နေကြောင်းတွေ့ရှိနေရသည်” ဟု ဆိုသည်။

ဆက်လက်ပြီး တပ်မတော်အနေဖြင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကာကွယ် စောင့်ရှောက်လျက် ပြာဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှာသာ ဆောင်ရွက်သွာမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ