ဘုရားပုထိုးများတွင် တပ်စွဲထားခြင်းသည် ကိုးကွယ်ယုံကြည်မှုကို အဟန့်အတားဖြစ်စေ

ရခိုင်ပြည်အတွင်း ၂ နှစ်ခန့်ကြာပြင်းထန်ခဲ့သည့် စစ်မီးမှာ လက်ရှိတွင် ငြိမ်သက်နေသည်ဆိုသော်ငြားလည်း သမိုင်းဝင်ဘုရားပုထိုးများတွင် စစ်တပ်ကတပ်စွဲထားခြင်းကြောင့် ဒေသခံတို့၏စိတ်မှာ မငြိမ်းချမ်းနိုင်ကြသေးပေ။

26 Jan 2022

DMG ၊ ဇန်နဝါရီ ၂၆
(သတင်းရှည်)

ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကနေ လက်ရှိအချိန်ထိဖြစ်သည်။

ရခိုင်ပြည်အတွင်း ၂ နှစ်ခန့်ကြာပြင်းထန်ခဲ့သည့် စစ်မီးမှာ လက်ရှိတွင် ငြိမ်သက်နေသည်ဆိုသော်ငြားလည်း သမိုင်းဝင်ဘုရားပုထိုးများတွင် စစ်တပ်ကတပ်စွဲထားခြင်းကြောင့် ဒေသခံတို့၏စိတ်မှာ မငြိမ်းချမ်းနိုင်ကြသေးပေ။

တိုက်ပွဲကာလအတွင်းက ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနိကအဆောက်အအုံများကို လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပေ။

မြန်မာစစ်တပ်မှ စစ်သားများသည် ၂၀၁၉ ခုနှစ်ကနေ ယခုအချိန်ထိ သုံးဆယ့်တစ်ဘုံဘုရားတွင် တပ်စွဲနေထိုင်နေသဖြင့် ပျက်စီးယိုယွင်းနေသည့် ဘုရားပုထိုးများကိုပြုပြင်ရန် ဒေသခံများအဖို့မတတ်နိုင်ဘဲ ရှိနေကြသည်။

သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် တပ်စွဲနေထိုင်ခြင်းမှာ ဘာသာရေးရှုထောင့်အရ လုံးဝမသင့်တော်ကြောင်း ဘူးသီးတောင်မြို့နယ် သံဃာနာယကအသင်း ဥက္ကဋ္ဌ ဆရာတော် ဦးတေဇောဘသက မိန့်ကြားသည်။

“သူတို့(စစ်တပ်)က လုံံခြုံရေးအရနေချင်တယ်ဆိုရင်လည်း ဘုရားဝင်းမှာမနေသင့်ဘူး။ တခြားပတ်ဝန်းကျင်တွေမှာနေတာကို ဘာမှမပြောလိုဘူး။ စေတီပုထိုးတွေ၊ ရှေးဟောင်းသမိုင်းဝင်ဘုရားတွေမှာ နေတယ်ဆိုတာက လုံးဝမသင့်တော်ဘူးလို့မြင်တယ်”ဟု ဆရာတော်ကမိန့်သည်။

သုံးဆယ့်တစ်ဘုံဘုရားတည်ရှိရာ ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ သျှစ်သျှားတောင်၊ ဥယျာဉ်သာ၊ နွားရုံတောင်ကျေးရွာတို့မှ ဒေသခံများမှာ တိုက်ပွဲကာလအတွင်းက ရွာလုံးကျွတ်ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

“ကျနော်တို့ကတော့ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ချင်တယ်။ ဒါပေမယ့် သူတို့(စစ်တပ်) တပ်စွဲထားတာကို ရုပ်သိမ်းပေးရင်တော့ ပြန်သွားလို့ရတယ်။ သူတို့ရှိနေရင်တော့ ပြန်သွားလို့အဆင်ပြေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့က စစ်တပ်ကလာလို့ ထွက်ပြေးလာကြတဲ့သူတွေဖြစ်တယ်”ဟု စံဂိုးတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေရသည့် ဦးမောင်စိုးသန်းကဆိုသည်။

ရခိုင်ပြည်အတွင်းက အထင်ကရဘုရားပုထိုးများဖြစ်သည့် ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်၊ မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်စေတီ၊ လင်းမြွေတောင်ဘုရား၊ ရွှေတောင်စေတီတော်မြတ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား၊ ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံစေတီတို့တွင် မြန်မာစစ်တပ်က လက်ရှိအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့ရှိ သေလာဂီရိမောရပဗ္ဗတတောင်ပေါ်တွင် မြန်မာစစ်တပ်မှ ၂၀၁၉ ခုနှစ်ကနေ တပ်စွဲနေထိုင် နေသည့်အတွက် ဘုရားဖူးခရီးသည်များမှာ စိုးရိမ်စိတ်များဖြင့်သွားလာနေကြရသည်။ ဘုရားဖူးခရီးသည်များ စိုးရိမ်ကင်းစွာဘုရားဖူးခွင့်ရရန် ဘုရားပုထိုးစေတီများတွင် တပ်စွဲထားခြင်းများကို ရုပ်သိမ်းပေးသင့်ကြောင်း သေလာဂီရိမောရပဗ္ဗတတောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းစိန်ကပြောသည်။

“ဖြစ်နိုင်လို့ရှိရင် တပ်စွဲထားတာကိုဖယ်ရှားပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားဖူးတွေ စိုးရိမ်မှုကင်းအောင်၊ စိုးရိမ်မှုမရှိအောင်ဖြစ်စေချင်တယ်။ သာသနာဆိုတာက စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ဘုရားဖူးလာကြတာဖြစ်တယ်။ အဲအချိန်မှာ စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဖြစ်နေရရင် မကောင်းဘူး”ဟု ဦးအောင်ထွန်းစိန်က ဆိုသည်။

ဘာသာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနေရာများသည် စစ်မက်ပဋိပက္ခနှင့် ဆက်စပ်ခြင်းလုံးဝမဖြစ်သင့်၍ သေလာဂီရိမောရပဗ္ဗတတောင်ပေါ်တွင် တပ်စွဲထားခြင်းကိုဖယ်ရှားပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ထံ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က မေတ္တာရပ်ခံ တောင်းဆိုခဲ့သေးသည်။ သို့သော် လက်ရှိအချိန်ထိ တပ်စွဲထားလျက်ရှိနေသည်။

ယခင်က ဘုရားဖူးခရီးသည်များနှင့်စည်ကားခဲ့သော သေလာဂီရိမောရပဗ္ဗတတောင်ပေါ်တွင် ဘုရားဖူးများ လာရောက်မှုနည်းပါးလာသဖြင့် ဘုရားဖူးများကိုအမှီပြုပြီးနေထိုင်စားသောက်နေကြရသည့် ထိုတောင်ပေါ်မှ မျောက်များမှာလည်း အစာရေစာခက်ခဲလာကြသည်။

ယခုရက်ပိုင်းအတွင်းကလည်း အင်အား ၄၀ ကျော်ခန့်ပါဝင်သည့် စစ်သားများသည် ကျောက်တော်မြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ရက်သတ္တပတ်ကြာနေထိုင်ခဲ့ကြသည်။

ထိုသို့ ဘုန်းတော်ကြီးကျောင်းများကို လက်နက်ကိုင်ဆောင်ထားသည့်စစ်သားများ မကြာခဏ လာရောက်နေထိုင်နေခြင်းများရှိနေသည်ဟု ကျောက်တော်မြို့ခံ ကိုဇော်ဝင်းကပြောသည်။

“ကျောင်းမှာနေတယ်ဆိုရင်တော့ တကာ၊မတွေက ကျောင်းကိုဝင်၊ထွက်သွားလာဖို့စိုးရိမ်ကြတယ်။ ဆိုတော့ လူတွေရဲ့ကိုးကွယ်ယုံကြည်မှုကို အနှောက်အယှက်၊ အတားအဆီးလုပ်တာဖြစ်တဲ့အတွက် ဒါတွေက မသင့်တော်ဘူး။ တခြားစေတီပုထိုးတွေမှာလည်း ဒီလိုရှိတယ်။ အရင်တိုက်ပွဲကာလတုန်းကလည်း ဒီအတိုင်း မနေသင့်ဘဲနေကြတယ်။ ဆက်ပြီးတော့လည်းနေတယ်ဆိုတော့ ရခိုင်ပြည်သူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ရိုက်နှောက်ယှက်တာဖြစ်တယ်” ဟု ၎င်းကစွပ်စွဲသည်။

အလားတူ မင်းပြားမြို့ပေါ်က သမိုင်းဝင်ကျိန်းတောင်ဘုရားတွင်လည်း ၂၀၁၉ ခုနှစ်ကနေ စစ်တပ်က တပ်စွဲနေထိုင်နေပြီး ဘုရားဖူးများကို ရက်အကန့်အသတ်ဖြင့်သာ ဘုရားဖူးခွင့်ပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဘုရားဖူးခွင့်ရရှိသော်လည်း တပ်စွဲထားခြင်းကြောင့် စိုးရိမ်စိတ်များဖြင့် ဘုရားဖူးနေရကြောင်း မင်းပြားမြို့နယ်မှ အမတ်ဟောင်း ဦးလှသိန်းအောင်ကပြောသည်။

“လက်ရှိ ရခိုင်ပြည်အခြေအနေက အထက်ပိုင်းကိုမသိပေမယ့် အောက်ခြေအနေအထားကိုကြည့်ရင်တော့ အတိုင်းအတာတစ်ခုထိ အဆင်ပြေနေတဲ့အနေအထားမှာရှိနေတယ်လို့ သုံးသပ်မိတယ်။ ဒါကြောင့် ရှေးဟောင်း အမွေအနှစ်ဖြစ်တဲ့ သာသနိကအဆောက်အအုံတွေမှာ တပ်စွဲနေရာယူထားတာကို ပြန်လည်ရုပ်သိမ်းပေးသင့်တယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများ၊ ကျေးရွာများနှင့် အများပြည်သူဆိုင်ရာနေရာများကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်မှုမပြုလုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ကစီမံဆောင်ရွက်ပေးသင့်ကြောင်းအဆိုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။

သို့သော် ထိုအဆိုမှာ လက်တွေ့အကောင်အထည်ပေါ်လာခြင်းမရှိဘဲ လက်ရှိအချိန်ထိ ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်နေဆဲဖြစ်သည်။

ဆက်လက်ပြီး အမတ်ဟောင်း ဦးလှသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထပ်က လွှတ်တော်တွင်အတည်ပြုခဲ့ပြီး မဆောင်ရွက်နိုင်ခဲ့သည့်ကိစ္စကို စစ်ကောင်စီအနေဖြင့် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောဆိုသည်။

ရခိုင်တွင် ၂ နှစ်တာဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း ရှေးဟောင်းအမွေအနှစ်ဒေသ မြောက်ဦးမြို့အနီးတွင် လက်နက်ကြီးစခန်းများချကာ လက်နက်ကြီးများအကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ခြင်းကြောင့် ကိုးသောင်းပုထိုးတော်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကာ မြေထဲစေတီနှင့် ရက္ခမုနိဘုရားကြီးတို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ထိမှန်ခဲ့သည်ကို မှတ်တမ်းအထောက်အထားများအရ သိရသည်။

ရခိုင်ပြည်အတွင်း သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေးလုပ်နေသည့်အတွက် ဖြေဆို၍မရနိုင်ကြောင်းပြောသည်။ ယင်းအပြင် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကိုဆက်သွယ်ရာတွင်လည်း ဆက်သွယ်၍မရခဲ့ပေ။

ရခိုင်ပြည်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်ကတပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်းလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှ ထောက်ပြပြောဆိုထားသည်။

ဗီဒီယိုများ