မြန်မာအခြေအနေ တည်ငြိမ်မှ အာဆီယံခေါင်းဆောင်များကို လာရောက်ခွင့်ပြုမည်ဟု စစ်တပ် ပြော

မြန်မာ့ပြည်တွင်းရေး အခြေအနေ မတည်ငြိမ်သေးဘဲ အရှေ့တောင်အာရှ ကိုယ်စားလှယ်အဖွဲ့ကို လာရောက်ခွင့်ပြုနိုင်မည်မဟုတ်ဟု မြန်မာစစ်တပ်က သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 May 2021

ဓာတ်ပုံ - Reuters

DMG ၊ မေ ၉

မြန်မာ့ပြည်တွင်းရေး အခြေအနေ မတည်ငြိမ်သေးဘဲ အရှေ့တောင်အာရှ ကိုယ်စားလှယ်အဖွဲ့ကို လာရောက်ခွင့်ပြုနိုင်မည်မဟုတ်ဟု မြန်မာစစ်တပ်က သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေပါတယ်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကောင်းထက်စံက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အတိုင်းအတာ တစ်ခုအထိ လုံခြုံတည်ငြိမ်မှု ရပြီးမှ အာဆီယံကိုယ်စားလှယ် အဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု သူက ပြောသည်။

အာဆီယံခေါင်းဆောင်များသည့် ပြီးခဲ့သည့်လတွင် မြန်မာ့အရေး အစည်းအဝေး ကျင်းပခဲ့ပြီး အချက်ငါးချက် ပါသော တောင်းဆိုချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

အာဆီယံ အစည်းအဝေးက တောင်းဆိုသော အချက်များတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ စစ်တပ်နှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ဝင်ရောက်ခွင့်ပြုရန်နှင့် အာဆီယံ အထူးကိုယ်စားလှယ် အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် တို့ပါဝင်သည်။

နိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက အာဆီယံ ထိပ်သီးအစည်းအဝေး၏ တောင်းဆိုချက်များအား မိမိတို့ဘက်က ထည့်သွင်းစဉ်းစားပေးမည်ဟု ဗိုလ်မှူးကောင်းထက်စံက ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးသည် အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများက ပြောကြသည်။

မြန်မာ့အရေး လေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများကမူ အာဆီယံ၏ တောင်းဆိုချက်များအား မြန်မာစစ်ဗိုလ်ချုပ်ကြီးများ အကောင်အထည်ဖော်မည် ဆိုသည့် အချက်အပေါ် သံသယရှိကြသည်။

အာဆီယံ၏ တောင်းဆိုချက်များတွင် အချိန်ကန့်သတ်ချက် မပါသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ရေးကိုလည်း ဖော်ပြထားခြင်း မရှိပေ။

အာဆီယံခေါင်းဆောင်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အပြုသဘောဆောင်သော အကြံပြုချက်များ ပေးခဲ့ကြကြောင်း၊ သို့သော်လည်း လိုက်နာမည် မလိုက်နာမည်ကတော့ မြန်မာနိုင်ငံ၏ အနေအထားအပေါ် မူတည်သလို မိမိတို့၏ အနာဂတ် ရည်မှန်းချက်အတွက် အထောက်အကူ ဖြစ် မဖြစ် ဆိုသည်အပေါ်လည်း မူတည်ကြောင်း ဗိုလ်ချုပ်ကောင်းထက်စံက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သော ရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက် နေရာအများအပြားတွင် ပေါက်ကွဲမှုများ ရှိနေပြီး အဆိုပါလုပ်ရပ်များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဖြုတ်ချခံအစိုးရ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောကြားသည်။

NUG အစိုးရအဖွဲ့ကမူ ပေါက်ကွဲမှုများသည် မြန်မာစစ်တပ်က အတိုက်အခံများအား နှိမ်နင်းနိုင်အောင် အကြောင်းပြချက် ရှာခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုများအား အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

ဂြိုလ်တုစလောင်း အသုံးပြုမှုကိုလည်း ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ ပိတ်ပင်ခဲ့ပြီး တရားမဝင် ဂြိုလ်တုစလောင်း သုံးစွဲကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်း ကျခံရမည်ဟု နိုင်ငံပိုင်ရုပ်သံ MRTV က မေလ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ဗီဒီယိုများ