ရခိုင်အရေး ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံရသည့် ကျောင်းသား ၂၅ ဦးအထိရှိလာ

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က အင်တာနက်ကို အချိန်ကြာမြင့်စွာဖြတ်တောက်ခဲ့မှုကြောင့် လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံထားရသည့် ကျောင်းသား ၂၅ ဦးအထိရှိလာကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က အင်တာနက်ကို အချိန်ကြာမြင့်စွာဖြတ်တောက်ခဲ့မှုကြောင့် လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံထားရသည့် ကျောင်းသား ၂၅ ဦးအထိရှိလာကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

ဖမ်းဆီးထောင်ချထားရသည့်အထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ကျောင်းသား ၂၁ ဦးနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ကလေးသူငယ်များအပါအဝင် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရပြီး တပြိုင်နက်တည်းတွင် အစိုးရက ရခိုင်ကမြို့နယ်အချို့ကို အင်တာနက်လိုင်းများပါ ဖြတ်တောက်ခဲ့သည်။

ယင်းသို့လုပ်ဆောင်ချက်များအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားများကို နိုင်ငံတော်အကြည်ညိုပျက်စေပုဒ်မ- ၅၀၅(က)၊ (ခ) စသည့်ပုဒ်မများတပ်ကာ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။

ယင်းကာလက အာဏာရှိအစိုးရအနေဖြင့် ကူညီနိုင်လျက်နှင့် မကူညီခဲ့မှုအတွက် ဝမ်းနည်းမိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ဒု-ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

“စစ်အာဏာရှင်စနစ် မကောင်းဘူးဆိုတာကို ထိုးပြခဲ့တဲ့ကျောင်းသားတွေကို မကူညီခဲ့တာတော့ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့က ဒါကိုသိပ်ပြီးတော့ခံစားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဗကသရဲ့မူဝါဒအရ စစ်အာဏာရှင်စနစ်ကိုဆက်လက်တွန်းလှန်နေတာဖြစ်တယ်"ဟု ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

ယင်းသို့ ကျောင်းသားများဖမ်းဆီးထောင်ချခံရသော်လည်း စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်နေမည်ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ထောင်ဒဏ်ချမှတ်ခံရသည့် ဗကသအဖွဲ့ချုပ်မှ ကျောင်းသား(၁၇)ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ကိုနေရဲစိုး၊ ကိုဘန်းမြင့်ကျော်၊ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့မှာ လွတ်မြောက်လာခြင်းမရှိသေးပေ။

ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့နှစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)၊(ခ)တို့ဖြင့် ထောင်ဒဏ်(၇)နှစ်နှင့် (၂)လ ချမှတ်ခံထားရခြင်းဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့လေးဦးမှာလည်း ယခုစက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေးစီမံပုဒ်မ-၂၉ တို့ဖြင့် ထောင်ဒဏ်(၂)နှစ်နှင့် (၂)လ ချမှတ်ခံလိုက်ရသည်။

ကျောင်သားများကိုဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးကို ဖိနှိပ်ချင်သည့်အတွက်ဖြစ်သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာ ဝန်ခံ ကိုကျော်ငြိမ်းထွန်းကပြောသည်။

“ကျောင်းသားတွေကိုဖမ်းဆီးတာက ရှင်းရှင်းလေးပဲ။ ဒါက သူတို့ရဲ့လုပ်ရပ်တွေကို လမ်းပေါ်ထွက်ပြီးတော့ ပြောရဲတဲ့သူတွေကို သူတို့ကကြောက်တာပေါ့။ သူတို့က ကိုယ်လုပ်တဲ့အလုပ်ကို ဖုံးဖိချင်လိုလုပ်တာပေါ့။ ကျွန်တော်တို့ကတော့ အဲလိုမျိုးပဲမြင်တယ်” ဟု ကိုကျော်ငြိမ်းထွန်းကဆိုသည်။

တိုက်ပွဲကာလအတွင်း ရခိုင်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လူဦးရေ ၆ သိန်းကျော်မှာ အင်တာနက်အသုံးပြုခွင့် ဆုံးရှုံးခဲ့ရပြီးအင်တာနက်ဖြတ်တောက်မှုမှာ တစ်နှစ်ကျော်အထိကြာမြင့်ခဲ့သည်။

ဗီဒီယိုများ