စစ်တွေမြို့က ရပ်ကွက်အချို့တွင် မြန်မာစစ်တပ်မှ ဧည့်စာရင်းစစ်ဆေးမှုများရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းတွင် မြန်မာစစ်တပ်မှ ဧည့်စာရင်းစစ်ဆေးမှုများကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်နှင့်နေထိုင်နေကြရသည်ဟု ပြောဆိုကြသည်။

05 Aug 2022

DMG ၊ ဩဂုတ် ၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းတွင် မြန်မာစစ်တပ်မှ ဧည့်စာရင်းစစ်ဆေးမှုများကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်နှင့်နေထိုင်နေကြရသည်ဟု ပြောဆိုကြသည်။

စစ်တွေမြို့နယ်ရှိ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် မြန်မာစစ်တပ်က မကြာခဏ ဧည့်စာရင်းစစ်ဆေးမှုများရှိကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်နေ့ကလည်း မြန်မာစစ်တပ်က အင်အား ၈၀ ခန့်ဖြင့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကို  ည ၁၀ နာရီခန့်တွင် ဧည့်စာရင်းစစ်ဆေးခဲ့ကြောင်း ရပ်ကွက်တွင် နေထိုင်သူများကဆိုသည်။ ထိုသို့စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် မီးသတ်တပ်ဖွဲ့ဝင် အချို့လည်းပါဝင်သည်ဟု သိရသည်။

ဧည့်စာရင်းစစ်ဆေးခံခဲ့ရသည့် လုံခြုံရေးအရအမည်မဖော်လိုသူ တစ်ဦးက “ကျွန်မတို့ အိမ်လမ်းတစ်လျှောက်လုံးကို စစ်ဆေးတာပါ။ ကျွန်မတို့က အိပ်မယ်ဆိုပြီး တံခါးတွေပိတ်ထားကြပြီ။ သူတို့(မြန်မာစစ်တပ်) ဧည့်စာရင်းလာစစ်မှာကိုလည်း မသိဘူးလေ။ အဲဒါကို ငါတို့လာလို့ တံခါးပိတ်တာလားဆိုပြီးတော့ မေးသေးတယ်။ ပြီးရင် အိမ်ထောင်စုစာရင်းတွေကို စစ်တယ်။ အိမ်ပေါ်ထိတက်ပြီးတော့ စစ်တယ်။ အဝတ်ထုတ်တွေလည်းဖွင့်ပြီး စစ်ဆေးသွားတယ်”ဟု ပြောသည်။

ဧည့်စာရင်းစစ်ဆေးမည်ကို ကြိုတင်အသိမပေးဘဲ နေအိမ်အတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့သည့်အတွက် စိုးရိမ်မှုရှိကြောင်း နောက်ထပ်အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“အခုလိုမျိုး ညအချိန်မတော် ရုတ်တရက်ဝင်စစ်တော့ ကြောက်တာပေါ့။ စစ်သားတွေက သေနတ်တွေကိုင်ပြီး တရားခံကိုရှာသလိုမျိုးစစ်တော့ ကြောက်သွားတယ်။ အိမ်က ကလေးတွေဆိုရင် ကြောက်ပြီးငိုကြတယ်”ဟု ၎င်းအမျိုးသမီးကဆိုသည်။

ဧည့်စာရင်းစစ်ဆေးမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လာရောက်စစ်ဆေးသင့်ကြောင်းနှင့် စစ်သားများသာ ဝင်ရောက် စစ်ဆေးခြင်းမှာမဖြစ်သင့်ကြောင်းလည်း မင်းဂံရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

“အခုက သူတို့(မြန်မာစစ်တပ်) စစ်ချင်တဲ့အချိန် လာစစ်ဆေးတယ်။ ဌာနဆိုင်ရာလည်းမပါဘူး။ အုပ်ချုပ်ရေးမှူးလည်း မပါဘူးဆိုတော့ မကောင်းဘူးပေါ့“ဟု ၎င်းအမျိုးသားကဆိုသည်။

ထိုသို့ မြန်မာစစ်တပ်က ဧည့်စာရင်းစစ်ဆေးမှုများကို စစ်တွေမြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း လုပ်ဆောင်လာနေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “အမှန်က ဥပဒေကြောင်းအရဆိုရင် အုပ်ချုပ်ရေးမှူး၊ လဝကတွေ ပါရမယ်။ လူအခွင့်အရေးနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလလွတ်လပ်မှုဥပဒေတွေလည်းရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ဥပဒေကိုလည်း တစ်ခုမှမကြည့်ဘူး။ စစ်အစိုးရဖြစ်တဲ့အတွက် လုပ်ချင်သလိုလုပ်ပြီး ဒီလုပ်ရပ်တွေဟာ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်လုပ်ရပ်ပဲ”ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲအချို့လည်း ဖြစ်ပွားမှုရှိသည်။

ဗီဒီယိုများ