တပ်မတော်၏ ထိုးစစ်များကိုရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်ဟု ညီနောင်မဟာမိတ်(၃) ဖွဲ့ ထုတ်ပြန်

တပ်မတော်အနေဖြင့် ရခိုင်၊ ကိုးကန့်နှင့် တအာင်းဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်သောစိတ်ဆန္ဒနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ဟု ခေါ်သော AA၊ MNDAAနှင့် TNLA တို့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်နေ့)တွင် သဘောထားထုတ်ပြန်သည်။

29 Oct 2019

နေရောင်မင်း|DMG

အောက်တိုဘာ ၂၉၊ စစ်တွေ

တပ်မတော်အနေဖြင့် ရခိုင်၊ ကိုးကန့်နှင့် တအာင်းဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်သောစိတ်ဆန္ဒနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ဟု ခေါ်သော AA၊ MNDAAနှင့် TNLA တို့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်နေ့)တွင် သဘောထားထုတ်ပြန်သည်။

ပြည်တွင်းစစ်ရပ်တန့်ပြီး လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ လျှော့ချနိုင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ လက်တွေ့ ကျပြီး ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုးနိုင်ရန်အတွက် ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေငြာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ယင်းအခြေအနေများကို အခွင့်ကောင်းယူကာ မိမိတို့ဒေသများကို ပြင်းထန်သော ထိုးစစ်များကို အရှိန်အဟုန်မြင့်စွာ ဆက်လက်ပြုလုပ်နေသည်။ မိမိတို့အနေဖြင့် မလွဲမရှောင်သာ ခုခံကာကွယ်စစ်များနှင့် ဟန့်တားစစ်များဖြင့် တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်း၍ ခုခံကာကွယ်နေရသည်ဟု ဆက်လက်ရေးသားထားသည်။

“မြန်မာစစ်တပ်ဘက်က ဒီလိုပြုလုပ်နေတာဟာ တွေ့ဆုံဆွေးနွေးပွဲတွေကို နောက်ပြန်ဆုတ်စေပြီး ရရှိပြီးသား ယုံကြည်မှုတွေကို ထိခိုက်စေနိုင်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ထိုးစစ်များကို မရပ်တန့်ပါက ဖြစ်ပေါ်လာ မည့်နောက်ဆက်တွဲများမှာ တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ