NLD ပါတီဝင်သုံးဦး လွတ်မြောက်ခြင်းမှာ နှစ်ဘက်ဆွေးနွေးမှုရလဒ်ကြောင့်ဟု တပ်မတော်ဆို၊ ရခိုင်နိုင်ငံရေးသမားများနှင့် အပြစ်မဲ့ပြည်သူများကို ပြန်လွှတ်ပေးရန် AA တောင်းဆို

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦး လွတ်မြောက်ခြင်းမှာ တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်များကြောင့်ဖြစ်သည်ဟု ယနေ့ ဇန်နဝါရီလ ၁ ရက် နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

By မင်းထွန်း 01 Jan 2021



မင်းထွန်း | DMG
ဇန်နဝါရီ ၁ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦး လွတ်မြောက်ခြင်းမှာ တပ်မတော်နှင့် AA တို့ ဆွေးနွေးမှုရလဒ်များကြောင့်ဖြစ်သည်ဟု ယနေ့ ဇန်နဝါရီလ ၁ ရက် နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

AA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် NLD ပါတီဝင်သုံးဦးနှင့်အတူ တပ်မတော်သားသုံးဦးတို့သည် စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ယနေ့မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းနောက် ပါတီဝင်သုံးဦးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ နယ်မြေခံတပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်း အပ်နှံခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့ဝင်များက လက်ခံခဲ့ကြခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် NLD ပါတီဝင် ဒေါ်ချစ်ချစ်ချောက “နောက်တစ်ကြိမ်တစ်ခါမှ နိုင်ငံရေးရဲ့သားကောင်တွေ ထပ်ပြီးတော့ ကျမတို့လို မပေါ်ရအောင်အတွက် လက်ရှိတာဝန်ရှိနေတဲ့အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်တွေအားလုံးက နောက်ထပ်လာမယ့်အနာဂါတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးချမ်းသာယာတဲ့ ဒီမြန်မာနိုင်ငံတော်ကြီးကို နောက်ကမျိုးဆက်တွေလက်ထဲကို အားလုံးသူက ကျမတို့ကိုပေးအပ်ကြပါလို့ ပြောလိုပါတယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံခဲ့ရသော NLD ပါတီဝင် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီးသွားရောက်စဉ် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ NLD ပါတီဝင်သုံးဦးကို ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်တွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာ၌ ရက္ခိုင့်တပ်တော်လွှဲပြောင်းရေးအဖွဲ့မှ မြန်မာ့တပ်မတော် လက်ခံရေး အဖွဲ့ထံသို့ ကောင်းမွန်စွာလွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း AA မှ သတင်းထုတ်ပြန်ထားသည်။

AA ၏ထုတ်ပြန်ချက်တွင် NLD အဖွဲ့ဝင်များကို AA မှ ကောင်းမွန်စွာပြန်လည်လွှတ်ပေးသည့်နည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ်ပြစ်မှုမကျုးလွန်ဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသော မိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ အားလုံးကိုလည်း NLD အစိုးရမှ ငြိမ်းချမ်းရေးကိုရှေးရှု၍ အပြန်အလှန် တုံ့လှယ်သော မေတ္တာတရားတို့ဖြင့် သဘောထားကြီးမားစွာဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ရခိုင်တစ်မျိုးသားလုံးမှ လိုလားကြောင်း AA က ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား နိုဝင်ဘာလအတွင်းမှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုရှိခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခဲ့ရသော မြို့နယ်များတွင် ရွေးကောင်ပွဲအမြန်ဆုံးကျင်းပရေးကို အခြေခံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့က UWSA "ဝ"ထိန်းချုပ်နယ်မြေ၏ မြို့တော်ပန်ဆန်းတွင် နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

အလားတူ NLD ကိုယ်စားလှယ်များ လွတ်မြောက်ရန် နှစ်ရက်အလို ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ မိနစ် ၃၀ ကျော်ကြာ အွန်လိုင်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ