စစ်တွေမှ မောင်တောသို့ပြန်လာသူ ၅၁ ဦးနှင့် စောင့်ကြည့်လူနာ ၂ ဦးတို့၏ တို့ဖတ်နမူနာများကို စစ်ဆေးရန်ပို့ဆောင်ထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မောင်တောမြို့နယ်သို့ ပြန်လာသူ ၅၁ ဦးနှင့် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ ၂ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာ (Swab) များကို ဓါတ်ခွဲစစ်ဆေးရန် ယနေ့ (သြဂုတ်လ ၂၄ ရက်)နေ့တွင် စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

By ကျော်မျိုးအောင် 24 Aug 2020

ငါးခူရကျေးရွာအုပ်စုရှိ စစ်တွေမှ ပြန်လာသူ ၁၁ ဦး၏ Swab များကိုတော့ မရယူနိုင်သေးပေ။

ကျော်မျိုးအောင် | DMG
သြဂုတ် ၂၄ ၊ မောင်တော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မောင်တောမြို့နယ်သို့ ပြန်လာသူ ၅၁ ဦးနှင့် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ ၂ ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာ (Swab) များကို ဓါတ်ခွဲစစ်ဆေးရန် ယနေ့ (သြဂုတ်လ ၂၄ ရက်)နေ့တွင် စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာနမှ သိရသည်။

မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံ က “ဆေးရုံကစောင့်ကြည့်လူနာ ၂ ဦးနဲ့ စစ်တွေကပြန်လာသူ စုစုပေါင်း ၅၃ ဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို မနေ့ကရယူပြီး ဒီနေ့မှာ စစ်တွေကို ပို့ဆောင်လိုက်တယ်” ဟု DMG သို့ပြောသည်။

ကိုဗစ်ပိုးစစ်ဆေးရန် ပို့ဆောင်ထားသူ ၅၃ ဦးမှာ ကျား (၂၄) ဦးနှင့် မ(၂၉) ဦးဖြစ်ပြီး ယင်းအထဲတွင် စစ်တွေမြို့မှ မောင်တောမြို့နယ်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် လာရောက်သည့် ကျောင်းဆရာမတစ်ဦးလည်း ပါဝင်ကြောင်း မောင်တောမြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိမှာ မောင်တောမြို့၌ Facility Quarantine ထားရှိသူ ၈ ဦးရှိပြီး စစ်တွေမှပြန်လာသူများအား Home Quarantine ထားရှိထားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“စစ်တွေမြို့ရဲ့ လော့ဒေါင်းချထားတဲ့နေရာတွေနဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ဆရာတော်နေတဲ့ ဘုန်းတော်ကြီးကျောင်းက ပြန်လာသူတစ်ဦးအပါအဝင် အားလုံး Facility Quarantine ထားရှိသူ ၈ ဦးရှိတယ်။ ကျေးရွာတွေမှာ စစ်တွေမြို့ကပြန်လာပြီး Home Quarantine စည်းကမ်းနဲ့အညီ မနေထိုင်သူတွေရှိရင် အကြောင်းကြားဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မှာကြားထားတယ်။” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ စစ်တွေမြို့မှ ပြန်လာသည့် မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာမှ ၂ ဦးနှင့် ကြိမ်ချောင်းကျေးရွာမှ ၁ ဦးတို့ကို ကျန်းမားရေးဌာနမှ သြဂုတ်လ ၂၄ ရက်တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူထားကြောင်းလည်း သိရသည်။

သို့သော် ငါးခူရကျေးရွာအုပ်စုဖြစ်သည့် ခြံပြင်၊ ကပ်ပကောင်း၊ ရေမျက်တောင်၊ ငါးခူရ စသည့်ကျေးရွာများတွင် စစ်တွေမှပြန်လာသူ ၁၁ ဦးအထိရှိနေပြီး ၎င်းတို့၏ နှာခေါင်းနှင့်အာခေါင် တို့ဖတ်များကိုမူ ရယူနိုင်ခြင်းမရှိသေးဟု ကပ်မကောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မောင်တောခရိုင်အတွင်းတွင် ယခင်က ပြည်ပမှကူးစက်လာသည့် covid-19 ပိုးတွေ့လူနာများရှိခဲ့သော်လည်း ရောဂါကင်းစင်၍ ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၄ ရက်) ည (၈ း ၀၀) နာရီ သတင်းထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိသူ လေးဦးပါဝင်လာခဲ့ပြီး ယင်းအထဲမှ သုံးဦးမှာ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူများ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ