စစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် တောင်ကုတ်ဒေသခံ ၉ ဦးအမှုကို အမြန်ဆုံးစစ်ဆေးပေးရန် မိသားစုဝင်များတောင်းဆို

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး၏အမှုကို အမြန်ဆုံးစစ်ဆေးပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး၏အမှုကို အမြန်ဆုံးစစ်ဆေးပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။

အဆိုပါတောင်ကုတ်ဒေသခံ ၉ ဦးကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် စစ်သားများက နေအိမ်သို့လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ပေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူးကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့ဖြစ်ကြသည်။

၎င်းတို့ ၉ ဦးကို အေအေနှင့်ဆက်စပ်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၀(ည)တို့နှင့် စစ်တပ်ကတရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ ၁ နှစ်နှင့် ၄ လခန့်ကြာမြင့်လာပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့်မိသားစုများမှာ ဆင်းရဲချို့တဲ့သူများဖြစ်ကြပြီး ယခုကဲ့သို့ ရုံးချိန်းများကြာမြင့်လာသဖြင့် ခရီးစရိတ်အကုန်အကျများလာနေ၍ အမှုအားအမြန်စစ်ဆေးပေးရန် ကိုသန်းနိုင်၏ညီမဖြစ်သူ မသန်းသန်းဆင့်က တောင်းဆိုသည်။

"အမှုကကြာနေပြီ။ အဲဒါကြောင့် အပြစ်ရှိတယ်ဆိုရင် အမှုကိုထောင်ချရင်လဲချ၊ မချရင်လဲ ပြန်လွှတ်စေချင်တယ်။ အခုသွားလာရေးစရိတ်တွေနဲ့ မိသားစုတွေလဲ တော်တော်အခက်အခဲ ဖြစ်နေပြီ"ဟု ၎င်းကဆိုသည်။

အဆိုပါအမှုကို ယခုစက်တင်ဘာလ ၁၇ ရက်နေ့က သံတွဲခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း လိုပြသက်သေမရောက်၍ စက်တင်ဘာလ ၂၉ ရက်နေ့သို့ ထပ်မံချိန်းလိုက်ကြောင်း မိသားစုထံမှသိရသည်။

ဖမ်းဆီးခံထားရသည့် ကိုနေရဲဝင်း၏ မိခင်၏ဒေါ်သန်းညွန့်အေးက “ခဏလေးဆိုပြီး အိမ်ကနေသူတို့ခေါ်သွားကြတာ၊ အခုအချိန်ထိ သူတို့ပြန်မလွှတ်ပေးသေးဘူး”ဟု ပြောသည်။

တောင်ကုတ်ဒေသခံ ၉ ဦးအား ဖမ်းဆီးသွားသည့်နေ့က ၎င်းတို့၏နေအိမ်များသို့ စစ်သားများမှလာရောက်ရှာဖွေခဲ့ပြီး မှတ်ပုံတင်နှင့် ဖုန်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကပြောဆိုထားသည်။

ယခင် NLD အစိုးရလက်ထပ်က ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားခြင်းကို စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက်ကလေးသူငယ်အမှု ၁၇ မှုကို စစ်ကောင်စီကပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ ယခု စက်တင်ဘာလအတွင်းမှာလည်း အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူထဲမှ ကျောက်ဖြူအကျဉ်းထောင်မှ ၆ ဦး၊ စစ်တွေအကျဉ်းထောင်မှ ၁၀ ဦးနှင့် မြောက်ဦးခရိုင်တရားရုံးမှ ၁၆ ဦး စုစုပေါင်းလူဦးရေ ၃၀ ကျော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သည်။

သို့သော် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် လူအစုလိုက်ဖမ်းဆီးချုပ်နှောင်ခံထားရသော ရခိုင်ပြည်အတွင်းက ထင်ရှားမှုအမှုများကို ရုပ်သိမ်းပေးခြင်းမရှိသေးပေ။

ယင်းသို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ လူပေါင်း ၁၆၀ ကျော်မှ လက်ရှိအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးကြောင်း ဖမ်းဆီးခံရသူများ၏စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။

ဗီဒီယိုများ