ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး NLD အစိုးရ ပူးပေါင်းပါဝင်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

ရွေးကောက်ပွဲမကျင်းပနိုင်သေးသည့် ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့များကွန်ရက်(ACN)မှ တိုက်တွန်းလိုက်သည်။

By မင်းထွန်း 14 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၁၄ ၊ စစ်တွေ

ရွေးကောက်ပွဲမကျင်းပနိုင်သေးသည့် ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့များကွန်ရက်(ACN)မှ တိုက်တွန်းလိုက်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က အဆိုပါ ကွန်ရက်(ACN)၏ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲမပြုလုပ်နိုင်သေးသည့် ဒေသများ၌ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း ရေးသားထားသည်။

“AA ကရော ရွေးကောက်ပွဲပြန်ပြီးကျင်းပမှာကို တိုက်တွန်းတယ်၊ တပ်မတော်ကလည်း ကြိုဆိုတယ်ပေါ့နော်။ ဆိုတော့ နောက်နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေကြတယ်။ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းကလည်း တိုက်တွန်းတယ်။ ဆိုတော့ ဒီဘက်မှာ တာဝန်ရှိတဲ့သူက ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိ အာဏာရနေတဲ့ အစိုးရအဖွဲ့အစည်းဖြစ်တယ်။ ဒီလိုတောင်းဆိုတဲ့ အသံတွေကို နားထောင်ပြီး ရွေးကောက်ပွဲ လုပ်ပေးဖို့ တိုက်တွန်းရတာဖြစ်တယ်” ဟု ACN မှ ဒါရိုက်တာ မအေးမြတ်ကျော်က ပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့၏ ရွေးကောက်ပွဲကို ဆောလျင်စွာ ပြုလုပ်နိုင်ရန် အပြုသဘောဆောင်ပြီး ထုတ်ပြန်ချက်များသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရန် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ယင်းမှတဆင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရာတွင် အရေးကြီးသည့်ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲမကျင်းပရသေးသော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီအတောအတွင်း ကျင်းပနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် တပ်မတော် တို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် AA မှ တိုက်တွန်းလိုက်သည်နှင့်တစ်ပြိုင်နက် တပ်မတော်ကလည်း AA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာမျာ၌ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတက်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပပေးခြင်းကို မူအားဖြင့်သဘောတူသော်လည်း တိုက်ပွဲမဖြစ်သည့် ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း လက်ရှိအာဏာရပါတီ NLD မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

“ကျနော်တို့က ရွေးကောက်ပွဲမှာ မဲပေးခွင့်မရတဲ့သူတွေ မဲပေးခွင့်ရအောင် ဆောင်ရွက်တယ်ဆိုတဲ့ မူလအခြေခံ အကြောင်းကို လက်ခံတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို အနည်းဆုံးတစ်နှစ်ကြာပြီးမှ ကျင်းပရမယ်ဆိုတာ ဆိုတော့ မူလက ၆ လ၊ နောက်တစ်နှစ်တိုးထားပါတယ်။ ကျနော်တို့ ဒီဥပဒေကို ကျော်လွန်ပြီး လုပ်လို့မရပါဘူး” ဟု ၎င်းကရှင်းပြသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ၏ သဘောထားထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

ဗီဒီယိုများ