မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ကုလ တားမြစ်ပေးရန် NGO နှစ်ရာကျော် တောင်းဆို

မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်းအား တားမြစ်ပိတ်ပင်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 May 2021

 

၂၀၂၁ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနား၌ အင်အားပြ ချီတက်မှုတစ်ရပ်အား တွေ့ရစဉ်။ (ဓာတ်ပုံ - India Today)

DMG ၊ မေ ၆

မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်းအား တားမြစ်ပိတ်ပင်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International) အပါအဝင် ကမ္ဘာတစ်ဝန်းရှိ NGO အဖွဲ့အစည်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရပ်သားအစိုးရ ဖြုတ်ချခံရပြီး နောက်ပိုင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်နေသည်။ မြန်မာစစ်တပ်၏ လုပ်ရပ်အပေါ် ဆန့်ကျင် လှုပ်ရှားမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူ အရပ်သားစုစုပေါင်းမှာ မေလ ၅ ရက်နေ့အထိ ရ၆၉ ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင့် (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံနှင့် လက်နက်အရောင်းအဝယ် ပြုလုပ်မှုအား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တားမြစ်ပိတ်ပင်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အနိမ့်ဆုံး ဆောင်ရွက်သင့်သည့် လုပ်ငန်းအဆင့်ဖြစ်ကြောင်း NGO များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ဤတောင်းဆိုချက်မှာ ဖြစ်နိုင်ခြေ အလွန်နည်းကြောင်း သံတမန်များက ပြောကြသည်။ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ပြီး ဗီတိုအာဏာ ရရှိထားသည့် တရုတ်နှင့် ရုရှားတို့သည် ကောင်စီ၏ ပြင်းထန်သည့် အရေးယူမှုများအား အမြဲတမ်း ကန့်ကွက်ကာ မြန်မာအပေါ် အကာအကွယ် ပေးလျက်ရှိသည်။

“အရေးယူပိတ်ဆို့မှုတွေကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒီလုပ်ရပ်ကို ပဋိပက္ခတွေ ဖြေရှင်းရေးမှာ နောက်ဆုံးအဆင့် အဖြစ်သာ ကျွန်တော်တို့ မှတ်ယူပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်ယန်းက တနင်္လာနေ့တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချခဲ့ပြီးသည့် နောက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည့် တံခါးပိတ်အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပကာ ဆန္ဒပြမှုများအား စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုကို ရှုတ်ချသည့် ကြေညာချက်များ အများအပြား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ကြေညာချက်များ ထုတ်ပြန်နေရမည့် အချိန်ကို ကျော်လွန်သွားပြီဖြစ်ပြီး လုံခြုံရေးကောင်စီ အနေဖြင့် နောက်တစ်ဆင့်တက်ကာ မြန်မာအပေါ် ထိရောက်သည့် အရေးယူမှုများ ချက်ချင်း ဆောင်ရွက်သင့်ပြီဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ချိန် အထိ မြန်မာလူထုသည် စောင့်ဆိုင်းနေရန် မတတ်သာတော့ကြောင်းလည်း အဆိုပါ အဖွဲ့များက ပြောသည်။

ဗီဒီယိုများ