စစ်ကောင်စီ ရှာဖွေစစ်ဆေးမှုကြောင့် ရခိုင်က အရပ်ဖက်အဖွဲ့တချို့ တိမ်းရှောင်နေကြ 

စစ်ကောင်စီက မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ရုံးအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ ရှိနေသဖြင့် မတရားစွပ်စွဲခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်နေရခြင်းဟု အရပ်ဖက်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။ 

By Admin 06 Nov 2023

ပုံစာ - ၂၀၁၈ ခုနှစ်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်။ 
ပုံစာ - ၂၀၁၈ ခုနှစ်က စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်။ 

DMG ၊ နိုဝင်ဘာ ၆ 

ရခိုင်ပြည်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော နိုင်ငံတကာအဖွဲ့များအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများကို စစ်ကောင်စီက ရှာဖွေစုံစမ်း စစ်ဆေးနေခြင်းကြောင့် အရပ်ဖက်အဖွဲ့တချို့မှာ တိမ်းရှောင်နေကြကြောင်း သိရသည်။  

စစ်ကောင်စီက မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ရုံးအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ ရှိနေသဖြင့် မတရားစွပ်စွဲခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်နေရခြင်းဟု အရပ်ဖက်အဖွဲ့တာဝန်ရှိသူများက ပြောသည်။ 

ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အခုနောက်ပိုင်းမှာက အရင်ထက် တင်းကြပ်မှုတွေ ရှိနေတယ်။ အဖွဲ့လိုင်စင်ရှိရင်လည်း စစ်ဆေးတယ်။ မရှိရင်လည်း စစ်ဆေးတယ်။ သူတို့(စစ်ကောင်စီ)က ‘တရားမဝင်ဘူး’လို့ တစ်ချက်ပြောလိုက်တာနဲ့ အဲဒါက အပြစ်ဖြစ်သွားနိုင်တယ်။ ဒီအနေထားမှာ တော်တော်လေးကို သတိထားနေရတယ်” ဟု ပြောသည်။ 

NGO/ INGO နှင့် အရပ်ဖက်အဖွဲ့များကို စစ်ကောင်စီက ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

စစ်တွေမြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက NGO/INGO နှင့် အရပ်ဖက်အဖွဲ့များ ရုံးစိုက်ရာသို့ ရောက်ရှိလာပြီး မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။  

“ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ဆိုးလာတယ်။ ဘယ်အချိန်ထိ ဒီလိုဖြစ်နေမလဲ ဆိုတာတော့ ပြောလို့မရသေးပါဘူး။ စစ်ကောင်စီက အခုလို လုပ်နေသရွေ့တော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာမှာပါ” ဟု စစ်တွေမြို့ရှိ NGO အဖွဲ့တစ်ခုမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများကို စစ်ကောင်စီက အခွန်စစ်ဆေးခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်များကို ဝင်ရောက်စစ်ဆေးခြင်းနှင့် ခေါ်ယူမေးမြန်းခြင်းများ လုပ်ဆောင်ကာ နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြောင်း ဆိုသည်။  

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်အရေးအပါအဝင် လူမှုကူညီရေးကိစ္စရပ်များတွင် တက်ကြွစွာ ကူညီဆောင်ရွက်နေကြသည့် လူမှုကူညီရေးသမားများအား စစ်ကောင်စီက သံသယဖြင့် စောင့်ကြည့်ခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်းများ ရှိနေသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီကတော့ ကိုယ်ကိုတိုင်လည်း လုပ်မပေးဘူး။ လုပ်ပေးနေတဲ့သူတွေကိုလည်း နှောင့်ယှက်တယ်။ ပြောရရင်တော့ မစားတဲ့အမဲ သဲနဲ့ပက်သလိုပဲ။ နောက်တစ်ခုက သူတို့ ဒါကို အခြေခံပြီး ဆင်ခြေတပ်ပြီး လုပ်ချင်သလို လုပ်လာနိုင်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေရင်လည်း ဖမ်းဆီးခံရမယ့် အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။   

စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေခြင်း၏ နောက်ဆက်တွဲအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ အခက်အခဲဖြစ်သွားနိုင်ပြီး အကူအညီ လိုအပ်နေသူများအတွက် ထိခိုက်မှုများ ရှိလာနိုင်သည်။  

ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်သည့်အတွက် NGO၊ INGO အပါအဝင် အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် မဖြစ်မနေ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။

သို့သော်လည်း အရပ်ဖက်အဖွဲ့များမှာ မှတ်ပုံတင်လျှောက်ထားခြင်း ကြာမြင့်နေပြီဖြစ်သော်လည်း ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေသဖြင့် ခရီးသွားလာမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြသည်။

#D003 #DMG

ဗီဒီယိုများ