အင်တာနက်ပိတ်ထားခြင်းကြောင့် ရခိုင်ကပါတီအချို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာတွင် အခက်အခဲဖြစ်

ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက ပြောသည်။

By မင်းထွန်း 14 Jul 2020

မင်းထွန်း | DMG
ဇူလိုင် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ဒေသအတွင်း လုံခြုံရေးအနေကြောင့် သွားလာရေး အခက်အခဲရှိနေသည့်အတွက် အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို အဟန့်အတားဖြစ်နေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၏ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“တကယ်လို့ အင်တာနက်သာရှိခဲ့ရင် ကမ်ပိန်းတွေကို အွန်လိုင်းကိုသုံးပြီးတော့ လုပ်လို့ရတယ်။ နောက်တစ်ခါ တစ်မြို့နယ်နဲ့တစ်မြို့နယ် ဆက်ဆံရေး စာအပေးအယူ၊ မြို့နယ်တွေကို ညွန်ကြားစရာရှိမယ်၊ မြို့နယ်တွေကလည်း တင်ပြစရာရှိမယ်။ အဲဒီလိုအကြောင်းအရာတွေကို အင်တာနက်ကနေတဆင့် ဆက်သွယ်လို့ရမယ်။ အခု အဲဒီကိစ္စတွေကလည်း လုပ်လို့မရဘူးဆိုတော့ အများကြီး အဟန့်အတားဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အင်တာနက်ကို နိုင်ငံသားတိုင်း အကန့်အသတ်မရှိ လွတ်လပ်စွာသုံးစွဲခွင့် ပြုထားသော်လည်း ရခိုင်ပြည်နယ်တွင် လုံခြုံရေးကိုအကြောင်းပြကာ အင်တာနက်ပိတ်ထားခြင်းသည် ပြည်သူများ၏ ဒီမိုကရေစီရပိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဦးမျိုးကျော်ကဆိုသည်။

Covid-19 ကာလတွင် ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းသည် ပါတီ၏ ဆောင်ရွက်ချက်များကို ပါတီဝင်များထံ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပေးပို့ခြင်းများ မလုပ်ဆောင်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

“အင်တာနက် ဖြတ်တောက်ထားတဲ့အတွက် ပါတီရဲ့ သတင်းအချက်အလက်ပေးပို့တာတွေကို နှောင့်နှေးသွား ပါတယ်။ နောက်တစ်ခုက Covid -19 ကာလအတွင်းမှာ ပါတီရဲ့ဆောင်ရွက်ချက်တွေကို ပိုပြီးမြှင့်တင် ဆောင်ရွက်နိုင်အောင် လမ်းညွှန်ချက်တွေကို အချိန်နဲ့တပြေးညီ ကျွန်တော်တို့ရဲ့ပါတီဝင်တွေကို သတင်းပေးပို့မှု မလုပ်နိုင်ဘူးပေါ့” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊မောင်တော၊  ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ မောင်တောမြို့မှအပ ကျန်မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ခံထားရခြင်းသည် တစ်နှစ်ကျော်အထိ ကြာမြင့်လာနေပြီဖြစ်သည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်တချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပိတ်ထားခြင်းသည် စစ်ရေးဆိုင်ရာလျို့ဝှက်ချက်များ ပေါက်ကြားမှုရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတာ်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့၏ တိုက်ပွဲများသည် လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်နိုင်ခြေနည်းပါးကြောင်းလည်း နိုင်ငံရေးပါတီတချို့က သုံးသပ်ပြောဆိုနေကြသည်။

ဗီဒီယိုများ