အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပေးရန် အခက်အခဲရှိနေ

အမ်းမြို့နှင့်မိုင်ပေါင်း (၃၀)ခန့်ဝေးကွာသည့် ဒါးလက်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်(၁၈၀၀)ခန့်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းများ မရောက်သောကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေသည်။

By မြတ်ဆွေ 30 Dec 2019

အမ်းမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၂၅)ဦးခန့် ခိုလှုံနေသည်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

အမ်းမြို့နှင့်မိုင်ပေါင်း (၃၀)ခန့်ဝေးကွာသည့် ဒါးလက်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်(၁၈၀၀)ခန့်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းများ မရောက်သောကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေသည်။

မြတ်ဆွေ | DMG
ဒီဇင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် အခက်အခဲရှိနေသည်ဟု ကူညီရေးပြုလုပ်နေသူများက DMG ကို ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် ဒါးလက်ကျေးရွာအုပ်စုတွင် စစ်ဘေးရှောင် (၁၈၀၀) ခန့်ရှိနေသည်။ ယင်းစစ်ဘေးရှောင်များကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန် စီစဉ်ထားသော်လည်း တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ရှိနေသောကြောင့် အစီအစဉ်ပျက်သွားသည်ဟု ကူညီရေးဆောင်ရွက်နေသည့် ကိုမျိုးလွင်က ပြောသည်။

“ဒါးလက်ဘက်ကို သွားမယ့်အဖွဲ့တွေမရှိသေးဘူး။ ကျနော်တို့သွားမယ်လို့ မနေ့ကတည်းက ကြိုးစားနေတာ။ ဒီနေ့လည်းမဖြစ်ဘူး။ သီးသန့်ကားတွေနဲ့သွားရတာ အဆင်မပြေဘူး။ အဲဒီမှာလည်း မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေကြတယ်။ မနေ့ကဆိုလည်း အမြောက်တွေနဲ့ပစ်တာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ဒါးလက်ကျေးရွာအုပ်စုသည် အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ကြားတွင် တည်ရှိပြီး အမ်းမြို့နှင့်မိုင်ပေါင်း (၃၀)ခန့်ဝေးကွာသည်။ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ဒါးလက်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးပစ္စည်းများ သွားရောက် မထောက်ပံ့နိုင်သေးသောကြောင့် စားနပ်ရိက္ခာအခက်အခဲများရှိနေသည်ဟု ကူညီကယ်ဆယ်ရေးပေးနေသူများက ပြောသည်။

အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုအပြင် အမ်းမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၂၅)ဦးခန့် ခိုလှုံနေသည်။ လက်ရှိတွင် မြို့ပေါ်ရှိ စစ်ဘေးရှောင်များကို အရပ်ဖက်အဖွဲ့အစည်းများ စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသောကြောင့် စားဝတ်နေရေးအဆင်ပြေနေသေးသည်။

တပ်မတော်နှင့်AA တိုက်ပွဲကြောင့် ရခိုင်စစ်ဘေးရှောင် (၉၈၇၄၃)ဦးရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ဒီဇင်ဘာလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ အလားတူ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင် (၂၀၀၀) ကျော်ခန့်ကလည်း စစ်ဘေးရှောင်နေရသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဗီဒီယိုများ