ရခိုင်နိုင်ငံရေးဆွေးနွေးပွဲသို့ ရခိုင့်ဦးဆောင်ပါတီ မတက်ရောက်သောကြောင့် ဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)က စီစဉ်ခဲ့သော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP)မတက်ရောက် သောကြောင့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်သည်။

09 Mar 2020

ရခိုင့်ဦးဆောင်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-ဦးကျော်လွင်

ခိုင်ရိုးလ| DMG
မတ် ၉၊ စစ်တွေ

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)က စီစဉ်ခဲ့သော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP)မတက်ရောက် သောကြောင့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်သည်။

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့ကိုဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ANP သာတက်ရောက်ပြီး AFP တက်ရောက်လာခြင်းမရှိပေ။

“ကျွန်တော်တို့က ANP နဲ့ AFP နှစ်ပါတီလုံးကို ဖိတ်တာ။ AFP က မရောက်ဖြစ်တဲ့အခါ ကျွန်တော်တို့က ပါတီမစုံတဲ့အတွက်ကြောင့် နောက်တစ်ဆင့် ထပ်ပြီးချိန်းမယ်လို့ သဘောတူခဲ့ကြတယ်” ဟု ALD ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

ရခိုင်နိုင်ငံရေးအခြေအနေများကို ပါတီစုံဆွေးနွေးလျှင် ပိုကောင်းမည်ဟုဆိုသည်။ သို့သော် မည်သည့်နေ့တွင် ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ကို သေသေချာချာမသိရသေးပေ။

“ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပျက်နေတာတွေကို ညီညီညွတ်ညွတ်နဲ့ ဘယ်လိုစုပေါင်းပြီးလုပ်ကြမှာကို တိုင်ပင်ကြဖို့အတွက်ပါ ” ဟု ဦးကျော်မြင့်က ဆိုသည်။

ယင်းနိုင်ငံရေး ဆွေးနွေးပွဲကို မတက်ရောက်ခြင်းမှာ ကြားခံအဖွဲ့အစည်းတစ်ခုက ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ ALD ပါတီက ဖိတ်ခေါ်ခြင်းဖြစ်သဖြင့် မတက်ရောက်ခြင်းဟု AFP ဒုဥက္ကဌ ဦးကျော်လွင်က ယူဆသည်။

“အမှန်က နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုရင် အားလုံးပါတီကိုခေါ်ပြီး ကြားခံတစ်ခုကခေါ်ပြီးမှ ပါတီတွေ အားလုံးစုစည်းပြီး လက်ရှိနိုင်ငံရေးကို ဘယ်လိုသွားမလဲလို့ ဆွေးနွေးသင့်တယ်လို့မြင်တယ်။ အခုက ဒီလိုမဟုတ်ဘဲ ALD ကဦးဆောင်ပြီးခေါ်တဲ့အတွက် မတက်ဖြစ်လို့ ကျွန်တော်မြင်တယ် ” ဟု ဦးကျော်လွင်ကပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ ANPကို ၂၀၁၄ ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) နှင့် ရခိုင်တိုင်းရင်းသားတိုး တက်ရေးပါတီ (RNDP) နှစ်ပါတီပေါင်းစည်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ ခု ရွေးကောက်ပွဲအလွန်ကာလတွင် ပါတီတွင်း စည်းလုံးမှုပြိုကွဲပြီး ALD အခြမ်းမှ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသူများသည် မူလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အမည်ဖြင့် ၂၀၁၇ ခုနှစ်တွင် ပါတီပြန်လည်ထူထောင်ခဲ့သည်။

အလားတူ ANP ပါတီမှ ထုတ်ပယ်ခံရသူတစ်ချို့နှင့် နှုတ်ထွက်သူတစ်ချို့တို့ကလည်း ရခိုင့်ဦးဆောင်ပါတီ(AFP)ကို တည်ထောင်ထားသည်။ ယင်းပါတီကို ဒေါက်တာအေးမောင် ဦးဆောင်တည်ထောင်သည်ဟု ထင်ရှားပြီး လက်ရှိတွင် သားဖြစ်သူ ပြည်နယ်လွှတ်တော်အမတ် ဦးတင်မောင်ဝင်းနှင့် ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ဦးဆောင်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပ၊မကျင်းပ သေသေချာချာမသိရသေးပေ။

ဗီဒီယိုများ