ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးလှမြင့်ကပြောသည်။

09 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၉ ၊ စစ်တွေ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးလှမြင့်ကပြောသည်။

“တယောက်မှ မနိုင်ပါဘူး၊ ရခိုင်ပြည်နယ်မှာ”ဟု ၎င်းကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင် အမျိုးသားလွှတ်တော်တွင် ၄နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၆နေရာနှင့် ပြည်နယ်လွှတ် တော်တွင် ၁၀ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့် ၁၉၉၀ နောက်ပိုင်း ယခုနှစ်တွင်မှ စတင်ဝင်ရောက်ခြင်းလည်း ဖြစ်သည်။

ALD ပါတီ ရှုံးနိမ့်ခဲ့သည်မြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရခိုင်အမျိုးသားပါတီ (ANP) ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီလေးခုမှ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် အနိုင်ရရှိမှုများရှိနေသည်ဟု ပါတီအသီးသီးက သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ တောင်ကုတ် နှင့်မာန်အောင်မြို့နယ်တို့တွင် ရခိုင်အမျိုးသားပါတီ(ANP)၊ အမ်းတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ(USDP)၊ သံတွဲနှင့်ဂွတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့ မဲအသားစီးရနေကြပြီး ရမ်းဗြဲအခြေအနေအား မသိရသေးပေ။

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲကျင်းပခွင့်ရသည့် မြို့နယ်အားလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ လေးသိန်းကျော်ရှိသည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ