လက်နက်ကြီးပစ်ခတ်နေမှုကြောင့်  ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာလုံးကျွတ်ထွက်ပြေး

“မနေ့က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတော့ ဆင်သေပြင်ကျေးရွာသူ/သားအားလုံး နီးစပ်ရာဆွေမျိုးတွေရှိရာ  ကျေးရွာတွေကိုထွက်ပြေးသွားကြပါပြီ။ ရွာမှာတော့ အသက်ကြီးပိုင်း ၁၀ ဦးလောက်ပဲ ကျန်နေခဲ့ကြပါတယ်”

30 Aug 2019

ချလူးအောင် | DMG

သြဂုတ် ၃၀ ၊ မောင်တော

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၂၉ ရက်နေ့မှစတင်ပြီး လက်နက်ကြီးများပစ်ခတ်နေမှုကြောင့် ဆင်သေပြင်ကျေးရွာမှ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့ သြဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး  တပ်မတော် ၅၅၁ တပ်ရင်းမှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရကြောင်း ဆင်သေပြင်ကျေးရွာသားများက ပြောသည်။

“မနေ့က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတော့ ဆင်သေပြင်ကျေးရွာသူ/သားအားလုံး နီးစပ်ရာဆွေမျိုးတွေရှိရာ  ကျေးရွာတွေကိုထွက်ပြေးသွားကြပါပြီ။ ရွာမှာတော့ အသက်ကြီးပိုင်း ၁၀ ဦးလောက်ပဲ ကျန်နေခဲ့ကြပါတယ်” ဟု ဆင်သေပြင်ကျေးရွာမှ ဦးနုရ်မာမောက်က ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက သြဂုတ်လ ၂၈ ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော်လည်း သြဂုတ်လ ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်းမရှိကြောင်း ပြောဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့ ညအချိန်တွင် ထိပ်တူးပေါက်ကျေးရွာမှ ပုဇွန်ကန်စောင့်နေသည့် မွတ်ဆလင်လူငယ် တစ်ဦးထံတွင် သေနတ်ထိမှန်ပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ထိပ်တူးပေါက်ကျေးရွာက ပုဇွန်ကန်စောင့်နေတဲ့ လူငယ်တစ်ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဘယ်ဘက်ကပစ်လိုက်တာလဲ့တော့မပြောတတ်ဘူး” ဟု ဦးနုရ်မာမောက်ကပြောသည်။

ထိုသို့ သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူမှာ ထိပ်တူးပေါက်ကျေးရွာသား ဟာမတ်တူဆောင်း ၃၅ နှစ်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းတွင် သြဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

သြဂုတ်လ ၂၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာတွင် လက်နက်ကြီးကျရောက် မှုကြောင့် မရော်တာဘေကင် ၂၀ နှစ်နှင့် မလိုင်လာဘေကွင် ၁၈ နှစ်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေးဌာနနှင့် ICRC တို့မှ သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ