အမ်းမြို့နယ်တွင် ကျေးရွာအတွင်းလက်နက်ကြီးကျ၍ ကလေးငယ်များအပါအဝင် ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာအတွင်းသို့ ယနေ့(နိုဝင်ဘာလ ၁၀ ရက်) ညနေ ၇ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်များအပါအဝင် ကျေးရွာသား ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ထိန် 10 Nov 2020

Photo - Maaung Cherry Facebook

အောင်ထိန် | DMG
နိုဝင်ဘာ ၁၀ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာအတွင်းသို့ ယနေ့(နိုဝင်ဘာလ ၁၀ ရက်) ညနေ ၇ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်များအပါအဝင် ကျေးရွာသား ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်များမှာ မတိုးတိုး(၃)နှစ်၊ မောင်လင်းလင်းချေ(၆)နှစ်၊ မောင်မောင်(၉)နှစ်နှင့် မောင်လှမင်းကို (၁၅)နှစ်ဖြစ်ကြသည်။

ထို့ပြင် အသက် ၃၁ နှစ်အရွယ် မတင်မေနှင်းနှင့် အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်တို့မှာလည်း အသီးသီးဒဏ်ရာရရှိသွားခဲ့သည်။

“လက်နက်ကြီးက ရွာအနီးကိုတစ်လုံး၊ ရွာထဲကိုတစ်လုံးကျတယ်။ လက်နက်ကြီးပစ်သံကြားလို့ ရွာကလူတွေက ဟိုပြေးဒီပြေး ပြေးနေတဲ့အခါ ရွာထဲမှာပေါက်ကွဲတဲ့အလုံးမှာ သူတို့ကဒဏ်ရာရသွားတာ” ဟု ရှောက်ခြုံကျေးရွာမှ ဦးဦးလှထွန်းက ပြောပြသည်။

ဒဏ်ရာရရှိသူများကို မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေပြီ ဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ကမ်းထောင်းကြီးမြို့မှ ကိုဝင်းလှအောင်က “ကျွန်တော်တို့ လူနာသယ်ဖို့ အဲဒီရွာကိုသွားခဲ့တယ်။ ကျွန်တော်တို့ကားနဲ့တော့ သယ်မလာဘူး။ ကိုဗစ်နိုင်တင်းအသင်းကားနဲ့ဘဲ ယူဆောင်လာတယ်။ ရွာကလူတွေက လက်နက်ကြီးကျလို့ကြောက်ပြီး အကုန်လုံးပြေးလာကြပြီ။ လူနာတွေ ကတော့ ကမ်းထောင့်ကြီးဆေးရုံမှာ ဆေးကုသထားပြီး” ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းက ရှောက်ခြုံကျေးရွာနှင့် ၅ ဖာလုံအကွာအဝေးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း ဒေသခံများမှ ပြောဆိုကြသည်။

ရှောက်ခြုံကျေးရွာအတွင်းသို့ကျရောက်ခဲ့သည့် လက်နက်ကြီးမှာ တပ်မတော်မှ ယာယီတပ်စွဲထားသည့် အမ်းမြို့နယ်၊ ကဇုကိုင်းတံတားဘက်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုကြသည်။

ဒေသခံကိုရန်နိုင်စိုးက “ကဇုကိုင်းတောင်ဘက်ကပစ်တာ။ ဒဏ်ရာအခြေအနေက စိုးရိမ်ရတာနှစ်ယောက် ပါတယ်။ ခြေထောက်မှာရသွားတဲ့ တစ်ယောက်နဲ့ နံဘေးမှာ ဒဏ်ရာရသွားတဲ့တစ်ယောက်” ဟု ဆိုသည်။

တပ်မတော်ယာယီတပ်စွဲထားသည့်နေရာမှ ပစ်ခတ်သည့်လက်နက်ကြီးမှာ ရှောက်ခြုံကျေးရွာအတွင်းသို့ ကျရောက်၍ ကျေးရွာသားများဒဏ်ရာရရှိသွားသည်ဆိုသည့် ပြောဆိုစွပ်စွဲချက်များအပေါ် တပ်မတော်၏ တုန့်ပြန်ချက်ကိုရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိတွင် ရှောက်ခြုံကျေးရွာမှ ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ကမ်းထောင့်ကြီးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဗီဒီယိုများ