အမ်းမြို့နယ်မှ နေရပ်ပြန် စစ်ဘေးရှောင် ၇၀ ခန့် ကဇုကိုင်းတွင် ပိတ်မိနေဆဲ

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ဖြစ်သော ဂိတ်ချောင်းကျေးရွာသို့ ပြန်လာသည့် စစ်ဘေးရှောင် ၇၀ ဦးခန့်မှာ ၅ ရက်ကြာသည့်တိုင် မိမိတို့ကျေးရွာသို့ ပြန်မရောက်သေးကြောင်း သိရသည်။

By ဝင်းညွန့် 11 May 2020

ဝင်းညွန့် | DMG
မေ ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်စစ်ဘေးရှောင်စခန်းမှ မိမိနေရပ်ဖြစ်သော ဂိတ်ချောင်းကျေးရွာသို့ ပြန်လာသည့် စစ်ဘေးရှောင် ၇၀ ဦးခန့်မှာ ၅ ရက်ကြာသည့်တိုင် မိမိတို့ကျေးရွာသို့ ပြန်မရောက်သေးကြောင်း သိရသည်။

မေလ ၇ ရက်နေ့က နေရပ်ပြန် စစ်ဘေးရှောင်များမှာ ကဇုကိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံခဲ့ရပြီး ယနေ့ မေလ ၁၁ ရက်နေ့အထိ နေရပ်ပြန်မရောက်သေးခြင်းဖြစ်ကြောင်း ဂိတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်းက ပြောသည်။

၎င်းစစ်ဘေးရှောင်များအား နယ်မြေမအေးချမ်းသေး၍ ကဇုကိုင်းစစ်ဆေးရေးဂိတ် လုံခြုံရေးတပ်ဖွဲ့မှ သွားခွင့်မပြု သေးဟုသိရကြောင်း ၎င်းကဆိုသည်။

“သူတို့ ရွာကိုမရောက်သေးပါဘူး။ နယ်မြေမအေးချမ်းသေးလို့ ပြန်သွားခွင့်မပြုသေးဘူးလို့ပြောတယ်။ အခု သူတို့ ကဇုကိုင်းကျေးရွာ စာသင်ကျောင်းမှာ နေကြတယ်”ဟု ဦးခင်ဝင်းက ပြောသည်။

အဆိုပါနေရပ်ပြန်စစ်ဘေးရှောင်များမှာ ကဇုကိုင်းကျေးရွာစာသင်ကျောင်းတွင် နေထိုင်နေသည်မှာ ၅ ရက်မျှ ကြာမြင့်လာသဖြင့် စားဝတ်နေရေး အခက်အခဲရှိလာနေကြောင်း သိရသည်။

“သူတို့ပြောတာကတော့ နောက် ၂ ရက်ဆိုရင် သွားခွင့်ပေးမယ်လို့ပြောတယ်။ အခုက နယ်မြေမလုံခြုံသေးလို့ မလွှတ်သေးဘူးလို့ပြောတယ်။ လောလောဆယ်ကတော့ သူတို့မှာပါတဲ့ဆန်တွေကို စားသောက်ပြီးတော့ နေကြတယ်” ဟု ကဇုကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလအစောပိုင်းက ဂိတ်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဂိတ်ချောင်းကျေးရွာမှ ဒေသခံ ၄၀၀ ကျော်မှာ အမ်းမြို့ပေါ်သို့ ထွက်ပြေးခဲ့ကြရသည်။

ထိုသို့ စစ်ဘေးရှောင်နေစဉ်ကာလအတွင်း ၎င်းတို့ ဂိတ်ချောင်းကျေးရွာမှ နေအိမ်များ ဖောက်ထွင်းခံရမှုရှိကြောင်း ကြားသိရသဖြင့် စစ်ဘေးရှောင်အချို့မှာ နေရပ်သို့ပြန်လာကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်အခဲများဖြင့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရပြီး မိမိနေရပ်သို့ပြန်လိုကြသော်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် မပြန်ရဲဘဲဖြစ်နေကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ၂ နှစ်ခန့်ကြာမြင့်လာသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင်  စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ