ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထဲမှ ANP ကိုယ်စားလှယ်နှစ်ဦး နှုတ်ထွက်စာတင်

ကော်မတီဝင် ၄၅ ဦးပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြုချက်များ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အနိုင်ရအင်အားကြီးပါတီတစ်ခု၏ သဘောထားအဆိုပြုချက်များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီနှင့် အခြားတိုင်းရင်းသားပါတီများ ပြင်ဆင်လိုသောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်း မရရှိနိုင်ကြောင်း ANP ပါတီက ဆိုသည်။

03 Sep 2019

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၃၊ စစ်တွေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်များထဲမှ ရခိုင်အမျိုးသားပါတီ(ANP)၏ ကိုယ်စားလှယ်နှစ်ဦးနှုတ်ထွက်ရန် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ၎င်းကော်မတီဥက္ကဋ္ဌထံ စာတင် ခဲ့ကြောင်းသိရသည်။

နှုတ်ထွက်စာတင်ခဲ့သူနှစ်ဦးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ဖြစ်ကြသည်။

ကော်မတီဝင် ၄၅ ဦးပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြုချက်များ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အနိုင်ရအင်အားကြီးပါတီတစ်ခု၏ သဘောထားအဆိုပြုချက် များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီနှင့် အခြားတိုင်းရင်းသားပါတီများ ပြင်ဆင်လိုသောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်း မရရှိနိုင်ကြောင်း ANP ပါတီက ဆိုသည်။

ထို့ကြောင့် ANP ပါတီ၏ ဗဟိုကော်မတီဝင် အစည်းအဝေးဆုံးဖြတ်ချက်အရ ကော်မတီဝင်နှစ်ဦးအား နှုတ်ထွက်စာတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ချက်ကြီးထွက်လာမယ်ဆိုရင် ရခိုင်အပါအဝင် တခြားတိုင်းရင်းသားပါတီတွေရဲ့ လိုအင်ဆန္ဒတွေဟာ ဒီ ၄၅ ဦးကော်မတီဝင်တွေ မဲပေးပုံစနစ်အရပဲ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကို လက်တွေ့သိလာရတယ်။ အဲဒီတော့ ကိုယ့်ရဲ့အဆိုပြုချက်တွေ လိုအပ်ချက်တွေကို ဒီမဲအသာစီးရတဲ့ အဖွဲ့ကမကြိုက်ရင်၊ မလိုလားရင် ဒီအဖွဲ့မှာပါဝင်နေခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အနေအထား ဖော်ဆောင်ပေးနိုင်ခြင်းမရှိတဲ့အတွက် အဲဒီကော်မတီမှာ ဆက်လက်မပါဝင်တော့ဘူးဆိုပြီး ရုပ်သိမ်းလိုက်တာ။ နှုတ်ထွက်စာတင်လိုက်တာ” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်မည့် အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ထိုအချက်များထဲတွင် ANP ပါတီမှ အချက် ၈၅၈ ချက်ကို ပြင်ဆင်ရန် တင်သွင်းထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း NLD ပါတီဝင်ဟောင်းအမတ်ဖြစ်သည့် ဦးစိန်ဝင်းမှ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နှုတ်ထွက်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီတွင် NLD ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၈)ဦး၊ တခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့ပါဝင်ပြီး လက်ရှိတွင် နှုတ်ထွက်စာတင်ထားသူ ၃ ဦးရှိသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် လက်ရှိတည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား မဖြစ်မနေပြင်ဆင်မည်ဟူသော ခံယူချက်ဖြင့် ရပ်တည်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ