ရခိုင်လူငယ်များအား သံသယဖြင့်ဖမ်းဆီးနေမှုများ ရပ်တန့်ပေးရန် ANP လူငယ်ကော်မတီက အစိုးရထံတောင်းဆို

“အစိုးရနဲ့တပ် နှစ်ခုစလုံးကို တောင်းဆိုတာပါ။ အခုလက်ရှိမှာ ရခိုင်လူငယ်တွေ သံသယနဲ့ အဖမ်းခံထားရ တာတွေရှိတယ်။ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ နှိပ်စက်တာတွေကို ထပ်ပြီးတော့မလုပ်ဖြစ်အောင်၊ လုပ်ပြီးသား လူတွေကိုလည်း ပြန်လွှတ်ပေးစေချင့်တဲ့အတွက်ကြောင့် တောင်းဆိုတာဖြစ်တယ်”

By ဝင်းညွန့် 12 Aug 2019

သြဂုတ် ၁၂ ၊ စစ်တွေ

အစိုးရမှ ရခိုင်လူငယ်များအား သံသယဖြင့်ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံလူငယ်များအား ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုခြင်း၊ စစ်ကြောရေးကာလအတွင်း ညှဉ်းပမ်းနှိပ်စက်ခြင်း၊ စစ်ကြောရေးအတွင်း အသက်ဆုံးရှုံးခြင်း တို့ကိုရပ်တန့်ပေးရန် ရခိုင်အမျိုးသားပါတီ(ANP)မှ လူငယ်ကော်မတီက တောင်းဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ANP ပါတီ လူငယ် ကော်မတီမှ ယခုကဲ့သို့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားခြင်းဖြစ်သည်။

ရခိုင်လူငယ်များအား ဖမ်းဆီးနှိပ်စက်ခြင်းများ နောက်ထပ်မလုပ်ရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ လူငယ်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ကိုဆန်းဌေးမောင်က ပြောသည်။

“အစိုးရနဲ့တပ် နှစ်ခုစလုံးကို တောင်းဆိုတာပါ။ အခုလက်ရှိမှာ ရခိုင်လူငယ်တွေ သံသယနဲ့ အဖမ်းခံထားရ တာတွေရှိတယ်။ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ နှိပ်စက်တာတွေကို ထပ်ပြီးတော့မလုပ်ဖြစ်အောင်၊ လုပ်ပြီးသား လူတွေကိုလည်း ပြန်လွှတ်ပေးစေချင့်တဲ့အတွက်ကြောင့် တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာနေကြရပြီး ထိုအထဲတွင် ကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များလည်းပါဝင်သည်။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်တန့်စေချင်ကြောင်း ရခိုင်အမျိုးသားပါတီ လူငယ်ကော်မတီက ပြောသည်။

“တိုက်ပွဲမဖြစ်တာကတော့ အကောင်းဆုံးပဲ။ အဲဒီလိုဆိုရင် ဒေသခံတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ နေထိုင်နိုင်မယ်။ ကျောင်းသား၊ ကျောင်းသူတွေလည်း ကျောင်းပုံမှန်တက်နိုင်မယ်။ အဓိကတော့ ဒါတွေကို ပြန်ပြီးတော့ မူလအတိုင်း ဖြစ်စေချင်တယ်” ဟု ကိုဆန်းဌေးမောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ လူငယ်ကော်မတီ၏ထုတ်ပြန်ကြေငြာချက်ထဲတွင် ရခိုင်လူငယ်များ လက်ရှိရင်ဆိုင်ကြုံတွေ့ ရသည့် နေရပ်စွန့်ခွာမှုများကိုရပ်တန့်ပြီး ဇာတိမြေတွင်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးအတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန်လည်း တောင်းဆိုထားသည်။

 

ဗီဒီယိုများ