ရွေးကောက်ပွဲဖြစ်မလာလျှင် ANP သည် ULA နှင့်ပူးပေါင်းလာနိုင်သလား

ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် လာမည့်နှစ်များတွင် ရွေးကောက်ပွဲမရှိလျှင် တခြားအင်အားစုများ၊ တစ်သီးပုဂ္ဂလများနှင့်အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ပူးပေါင်းလာနိုင်သည့် ဖြစ်နိုင်ခြေ အခြေအနေတစ်မျိုးရှိကြောင်း ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Asia Times မီဒီယာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားထားသည်။

By DMG 21 Jan 2022

DMG ၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်၏ အင်အားအကြီးဆုံးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် လာမည့်နှစ်များတွင် ရွေးကောက်ပွဲမရှိလျှင် တခြားအင်အားစုများ၊ တစ်သီးပုဂ္ဂလများနှင့်အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ပူးပေါင်းလာနိုင်သည့် ဖြစ်နိုင်ခြေ အခြေအနေတစ်မျိုးရှိကြောင်း ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က Asia Times မီဒီယာနှင့် ယခုရက်ပိုင်းအတွင်းပြုလုပ်သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားထားသည်။

“ANP ကတော့ SAC ကတိပေးထားသလို ၂၀၂၃ မှာ ရွေးကောက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပါတီကဆက်ရှိနေဦးမယ်ထင်ပါတယ်။ မြန်မာ့နိုင်ငံရေးအနာဂတ်က ဆိုးရွားပြီး ခန့်မှန်းရလည်းခက်ပါတယ်။ ANP အတွက် ဖြစ်နိုင်ခြေနောက်တစ်မျိုးက လာမယ့်နှစ်တွေမှာသာ ရွေးကောက်ပွဲတွေမရှိတော့ဘူးဆိုရင် ANP ဟာ အခြားအင်အားစုတွေ၊ တစ်သီးပုဂ္ဂလတွေနဲ့အတူ ULA နဲ့ ပူးပေါင်းလာနိုင်တဲ့အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေဖြင့် ထိုသို့ထုတ်ဖော်ပြောဆိုချက်မှာ ရခိုင်ပြည်ကောင်းရာကောင်းကျိုးအတွက် မိမိ၏အမြင်ကို ပြတ်ပြတ်သားသား ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်ကောင်းကျိုးဖြစ်ထွန်းစေရန်အတွက် AA သည် လက်နက်ကိုင်လမ်းစဉ်ဖြင့် ချီတက်နေသကဲ့သို့ မိမိတို့အနေဖြင့်လည်း ပါတီနိုင်ငံရေးလမ်းစဉ်ဖြင့်ချီတက်နေပြီး တူညီသည့်ရည်မှန်းချက်များရှိကြသဖြင့် လိုအပ်လျှင်လိုအပ်သလို ပေါင်းစည်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ANP ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းအောင်ကျော်က DMG ကိုပြောသည်။

“AA အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပြီး ရခိုင်ပြည်သူတွေရဲ့အကျိုးကို ဖော်ဆောင်ဖို့အတွက် ပင်ပန်းဆင်းရဲခံပြီး ရင်ဆိုင်ချီတက်နေသလို ANP ကလည်း နိုင်ငံရေးနည်းအရဖွဲ့စည်းပြီး ချီတက်နေတယ်။ သို့သော် ရည်မှန်းချက်တွေက အားလုံးအတူတူပဲ။ သွားနေတဲ့ နိုင်ငံရေးလမ်းနဲ့ တော်လှန်ရေးလမ်းပဲ ကွဲချင်ကွဲနေလိမ့်မယ်။ မိမိတို့ရဲ့ တူညီတဲ့ရည်မှန်းချက်ပန်းတိုင်အတွက် လိုအပ်ရင်လိုအပ်သလို ပေါင်းစည်းနိုင်မယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်တယ်” ဟု ANP ဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။

သို့သော်လည်း နိုင်ငံရေးပါတီဖြစ်သောကြောင့် ပါတီဝင်များနှင့်ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရန်လိုအပ်သေးပြီး လက်ရှိတွင် အဆိုပါကိစ္စကို ဆွေးနွေးခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

“နိုင်ငံရေးပါတီတစ်ရပ်ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီဝင်တွေ၊ ပါတီကဖွဲ့စည်းထားတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ကတော့ လိုအပ်တယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ လုပ်ထုံးလုပ်နည်းအရကတော့ ပူးပေါင်းဖို့က ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ပါတီရဲ့တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအရ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ လိုအပ်မယ်လို့တင်ပြချင်ပါတယ်။ ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် အခုလောလောဆယ်တော့ အဲဒီလိုကဏ္ဍတွေကို ဆွေးနွေးတာမရှိသေးဘူး။ ဒါပေမယ့် လိုအပ်ရင်လိုအပ်သလိုဖြစ်ပေါ်လာမယ်လို့ ယူဆပါတယ်” ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

စစ်ကောင်စီသည် အချိုးကျရွေးကောက်ပွဲစနစ်(PR)ကို ကျင့်သုံးကာ လာမည့် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေသည်။ ထိုသို့ အချိုးကျရွေးကောက်ပွဲစနစ်(PR)ကိုကျင့်သုံးကာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

ထိုဆွေးနွေးပွဲများသို့ ရခိုင်အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)သည် တက်ရောက်ဆွေးနွေးခြင်းမရှိဘဲ စောင့်ကြည့်ဆဲကာလဟုသာ တုန့်ပြန်ထားသည်။ ရခိုင်ပြည်နယ်က ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)ကမူ တက်ရောက်ဆွေးနွေးလျက်ရှိသည်ကို တွေ့ရသည်။

ဗီဒီယိုများ