အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ရှောင်ရှားကြရန် တိုက်တွန်းသည့်အဆို တပ်မတော်ကန့်ကွက်

အဖွဲ့အစည်းနှစ်ခုကို တိတိကျကျမဖော်ပြဘဲ ရောနှောဖော်ပြခြင်းသည် အတူတူပဲဟု သတ်မှတ်ရာရောက်ပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရှောင်းရှားကြစေရန်ဆိုသည့်မှာလည်း တပ်မတော် အနေဖြင့် အရပ်သားပြည်သူလူထုအပေး ပစ်မှတ်ထားတိုက်ခိုက်နေသည်ဆိုသော သဘောသက်ရောက်နေကြောင်း....

By မင်းထွန်း 30 Sep 2019

မင်းထွန်း | DMG
စက်တင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်အဖွဲ့အစည်း များအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရှောင်ရှားကြစေရန် ပြည်နယ်အစိုးရ အဖွဲ့မှ လိုအပ်သောအစီအမံများဆောင်ရွက်ပေးရေး တိုက်တွန်းသည့်အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ကန့်ကွက်မှုများရှိခဲ့သော်လည်း ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့သည်။

၎င်းအဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက စက်တင်ဘာလ ၂၄ ရက်နေ့က တင်သွင်းခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ် ၅ ဦးကဆွေးနွေးကာ ပြည်နယ်လွှတ်တော်မှ ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့တွင်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်သိန်းတင်သွင်းခဲ့သည့် အဆိုပါ စကားရပ်များနှင့် အကြောင်းအရာများသည် ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွှဲမှားစေနိုင်သည်ဟုဆိုကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ထွန်းကိုကိုလတ်က အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့သည်။

အဖွဲ့အစည်းနှစ်ခုကို တိတိကျကျမဖော်ပြဘဲ ရောနှောဖော်ပြခြင်းသည် အတူတူပဲဟု သတ်မှတ်ရာရောက်ပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရှောင်းရှားကြစေရန်ဆိုသည့်မှာလည်း တပ်မတော် အနေဖြင့် အရပ်သားပြည်သူလူထုအပေး ပစ်မှတ်ထားတိုက်ခိုက်နေသည်ဆိုသော သဘောသက်ရောက် နေကြောင်း ၎င်းကပြောသည်။

“တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဘယ်တုန်းကမှ မရှိခဲ့ဘဲ ပြည်သူလူထုအပေါ် ကျင့်ဝတ်များနဲ့အညီ ကာကွယ်စောင့်ရှောက်ခြင်းသာရှိခဲ့အတွက် ဒီစကားရပ်ဟာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်နဲ့ ဆန့်ကျင်လျက်ရှိပါတယ်။ ကျင့်ဝတ်များမလိုက်နာဘဲ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ (AA) အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကိုသာ ကန့်ကွက်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူး ထွန်းကိုကိုလတ်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ၏ အိုးအိမ်၊ စီးပွားဥစ္စာများ ပျက်စီး ဆုံးရှုှံးမှုရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူများ တစ်နေ့တစ်ခြားများလာနေကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။

“စစ်ပွဲစစ်ဒဏ်ကြောင့် မိမိတို့ရဲ့ လယ်ယာမြေတွေကို စွန့်ခွာရှောင်တိမ်းလာရတဲ့သူတွေ၊ လယ်ယာမြေ အနီး တဝိုက်မှာတပ်စွဲထားတာ။ စစ်ပွဲကြောင့် လယ်ယာမြေထဲကျန်ရစ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီး၊ ကျည်ဆန် တွေကြောင့် လယ်မထွန်ရဲ၊ မစိုက်ရဲဖြစ်ပြီး အကျိုးစီးပွားထိခိုက်နစ်နာဆုံးရှုံးတဲ့အပြင် နိုင်ငံတော်ရဲ့ ကုန်ထုတ် လုပ်ငန်းကိုပါကျဆင်းခဲ့ရပါတယ် ” ဟု ဦးထွန်းသာစိန်ကပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဦးထွန်းအောင်သိန်း တင်သွင်းခဲ့သည့်အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့သည်။

“ဒီတိုက်ပွဲရှောင်ကိစ္စတွေ၊ ဒီတိုက်ပွဲကိစ္စတွေကို ပြည်ထောင်စုကနေပြီးတော့မှ တိုက်ရိုက် ဒေါက်ရှောက် နေ့ရော ညရော ဆောင်ရွက်နေတဲ့စီမံမျိုးဖြစ်တဲ့အတွက် ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ ဒီအဆိုကိုအတည်မပြုဘဲနဲ့ မှတ်တမ်းအဖြစ်ထားရှိပေးဖို့ တင်ပြအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

သို့သော် အဆိုရှင်၏သဘောဆန္ဒအရ အဆိုကိုအတည်ပြုနိုင်ရန်မဲခွဲဆုံးဖြတ်ရာတွင် အတည်ပြုရန်သဘောတူသူ ၁၉ ဦး၊ မှတ်တမ်းအဖြစ်သာထားရှိရန် သဘောတူသူ ၁၂ ဦးရှိခဲ့သဖြင့် ပြည်နယ်လွှတ်တော်မှ အဆိုကို အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားပြည်သူ ၈၀ ကျော်ခန့် သေဆုံးခဲ့ရပြီး ထိခိုက် ဒဏ်ရာရရှိသူဦးရေ ၁၃၀ ကျော်အထိရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဗီဒီယိုများ