ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များထပ်တိုးလာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာနေကြောင်း သိရသည်။

25 Sep 2020

ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၂၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာနေကြောင်း သိရသည်။

လူဦးရေ ၅၀၀ ခန့်ရှိသည့် ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာမှ ရွာသူ/သားများမှာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် ဆွေမျိုးနီးစပ်နေအိမ်များသို့ ရွာလုံးကျွတ် နေရပ်စွန့်ခွာလာကြခြင်းဖြစ်ကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။

“ရွာမှာလူ ၄ ယောက်ဘဲကျန်ခဲ့တယ်။ ရွာသားတွေအကုန်လုံး ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေကို ရောက်နေကြတယ်” ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ကွန်တိုင်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က မိုင်းနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယင်းနောက် ကွန်တိုင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရွာတာဝန်ရှိသူများကို တပ်မတော်က ခေါ်ယူပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဝမ်းတွင်းကျေးရွာမှ ကိုမောင်စံအေးက “စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျေးရွာ ၄ ရွာနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျေးရွာ ၂ ရွာက လူကြီးတွေကို စခခ ၁၅ တပ်မက ခေါ်ယူသတိပေးတယ်လို့ သိရတယ်။ နောက်ထပ် မိုင်းတွေပေါက်တာရှိရင် လုပ်တဲ့လူကိုပြောရမယ်။ ကြိုတင်သိထားတာရှိရင်လည်း အကြောင်းကြားရမယ်လို့ ပြောတယ်လို့ သိရတယ်” ဟု ပြောသည်။

ယင်းသို့ တပ်က ခေါ်ယူအသိပေးသည့် ကျေးရွာများတွင် ကွန်တိုင်၊ စည်ပင်သာယာ၊ ဝမ်းတွင်း၊ စံညှင်းဝေ ၊ အုတ်တောင်၊ မြက်ချောင်း စသည့် ကျေးရွာများပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ကွန်တိုင်ကျေးရွာမှ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ခိုလှုံလာကြခြင်းဖြစ်ကြောင်း ပြောသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ကွန်တိုင်က ရွာသူရွာသားတွေ ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေကို ရောက်နေကြတာရှိတယ်။ အခုရက်ပိုင်း မိုင်းပေါက်ပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက် ပြေးလာတာမရှိဘူး။ တစ်စတစ်စ ရောက်လာကြတာနေမှာပါ” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတစ်သောင်းသုံးထောင်ကျော်မှာ နေရပ်ကိုစွန့်ခွာပြီး မြို့ပေါ်စစ်ဘေးရှောင်စခန်း ၂၀ ကျော်တွင် ခိုလှုံလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ