လေးကေ့ကော်မြို့တွင် တိမ်းရှောင်နေသည့် လွှတ်တော်အမတ်အချို့နှင့် CDM များကို စစ်ကောင်စီကဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ(၆) နယ်မြေဖြစ်သော လေးကေ့ကော်မြို့တွင် ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)က လွှတ်တော်အမတ်နှင့် CDM လုပ်ဆောင်နေသူများကို စစ်တပ်အင်အား ၂၀၀ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ(၆) နယ်မြေဖြစ်သော လေးကေ့ကော်မြို့တွင် ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)က လွှတ်တော်အမတ်နှင့် CDM လုပ်ဆောင်နေသူများကို စစ်တပ်အင်အား ၂၀၀ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

KNU နယ်မြေ လေးကေ့ကော်မြို့သစ်ဆီ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ယနေ့နံနက်ကဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ဒေသခံများကိုစစ်ဆေးမေးမြန်းမှုများလည်း လုပ်ဆောင်သွားကြောင်း ယင်းဒေသခံကတစ်ဦးက DMG ကို ပြောသည်။

"မနက်အစောကြီး စစ်တပ်အင်အား ၂၀၀ ကျော်လောက်က တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်တွေကိုလိုက်စစ်တယ်။ NUG ထောက်ခံတဲ့သူလား။ CDM လုပ်နေသူတွေရှိလား။ PDF တွေရှိလားလို့မေးတယ်"ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စစ်တပ်မှဖမ်းဆီးမှုတွင် NLD ပါတီမှ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှ လွှတ်တော်အမတ် ဦးထင်လင်းကျော်၊ CDM လုပ်ဆောင်နေသူ ဒေါက်တာတစ်ဦးနှင့် ဝန်ထမ်းနှစ်ဦး ပါဝင်ပြီး စုစုပေါင်း ၆၀ နီးပါးခန့်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

လေးကေ့ကော်အနီးမှာလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အသင့်ပြင်ဆင်ချိန်ရွယ်ထားကြောင်း စစ်ကြောင်းတစ်ခုလျှင် အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းလေးကြောင်းခွဲ၍ လမ်းများပိတ်ဆို့ စစ်ဆေးရှာဖွေနေကြောင်း၊ ယင်းအပြင် KNU ဘက်မှ စစ်ရေးတုန့်ပြန်မှုရှိလာပါက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ပစ်ခတ်မည်ဟု စစ်တပ်ဘက်မှခြိမ်းခြောက်ပြောဆိုကြောင်း KNU တပ်မဟာ(၆)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"KNU ကပြန်ပစ်ရင် လက်နက်ကြီးတွေနဲ့ ဗျူဟာကုန်းကနေ လေးကေ့ကော်အနီးအနားက ရွာပေါင်း ၇ ရွာကိုပစ်ခတ်မယ်။ စစ်ကောင်စီတပ်ဘက်က ဖိအားပေးခြိမ်းခြောက်ထားတယ်ပေါ့နော်။ အခုဖမ်းဆီးမှုက ညှိနှိုင်းနေတုန်းအချိန်မှာ ဝင်ဖမ်းဆီးတာ။ ရွာသားတွေ အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်ရတာကြောင့် သတိထားဆောင်ရွက်နေရတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

လေးကေ့ကော် ဗျူးပွိုင့်အပန်းဖြေစခန်းနေရာနှင့် ရပ်ကွက် ၆ ခုတွင် စစ်တပ်ကစခန်းချထားပြီးနောက် တစ်ပတ်အကြာ ယနေ့တွင်ဖမ်းဆီးခဲ့သူများကို အမြှောက်ကုန်းပေါ်သို့ ခေါ်ဆောင်ပြီး စစ်ဆေးလျက်ရှိသည်။

"အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲရင်တော့ နှစ်ဖက်တပ်တွေ တိုက်ပွဲတွေသေချာပေါက်ဖြစ်လာနိုင်တယ်။ နှစ်ဖက်အပြန်အလှန် မညှိနှိုင်းဘူဆိုရင်တော့ အခြေအနေက လုံးဝကိုလွယ်ကူမယ့်အနေအထားမဟုတ်ဘူး”ဟု အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး၊ အခြားအဆင့်နှစ်ဦးကို KNU လက်အောက်ခံ တပ်မဟာ(၆)က ဖမ်းဆီးထားသဖြင့် ယခုလို စစ်တပ်ဘက်မှ လေးကေ့ကော်မြို့သစ်နှင့် အမြှောက်ကုန်း၊ ရသေ့ဂူ၊ ဖလူးလေးဘက်တို့မှ စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန် နှစ်ဖက်အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုများကိုပြုလုပ်နေကြောင်း ဒေသခံများက ယူဆသုံးသပ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် လေးကေ့ကော်မြို့သစ်ကို ခုနှစ်ကြိမ် ဝင်ရောက်စစ်ဆေးခဲ့သည်။
ယင်းအပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တို့ရှိ ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် BGF တို့မှ လမ်းများပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယခုလ ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း BGF အဖွဲ့အင်အား ၂၀၀ ကျော်က မြို့အတွင်းရှိ စစ်တပ်များထံ ရိက္ခာပို့ဆောင်မည်ဟုဆိုကာဝင်ရောက်လာသဖြင့် KNU တပ်မဟာ(၆)နှင့် နှစ်ဖက်တင်းမာမှုအခြေအနေများ ရှိခဲ့သည်။

ဗီဒီယိုများ