ဥကရစ်ထ စခန်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေမြို့နယ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းကို ကေအန်ယူ တပ်မဟာ (၆) KNDO၊ KNLA ပူးပေါင်းအဖွဲ့တို့က စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေသည့်အတွက် လက်ရှိတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိလာနေကြောင်း မြေပြင်သတင်း အရင်းအမြစ်ထံမှ သိရ သည်။

29 Jun 2022

ဥကရစ်ထစစ်စခန်း ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - Laykaykaw Youth Network)

DMG ၊ ဇွန် ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေမြို့နယ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းကို ကေအန်ယူ တပ်မဟာ (၆) KNDO၊ KNLA ပူးပေါင်းအဖွဲ့တို့က စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေသည့်အတွက် လက်ရှိတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိလာနေကြောင်း မြေပြင်သတင်း အရင်းအမြစ်ထံမှ သိရ သည်။

ထိုစစ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှ ယနေ့ ဇွန်လ ၂၉ ရက် နေ့အထိ ၄ ရက်ကြာသည့်တိုင် KNDO၊ KNLA ပူးပေါင်းအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး လက်ရှိ အချိန်အထိ စခန်းသိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း ကေအန်ယူ တပ်မဟာ (၆) သတင်းရင်း မြစ်တဦးက ပြောသည်။

“စစ်စခန်းကို သိမ်းဖို့ ကြိုးစားနေတာ။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာတွေ ရှိနေ တယ်။ ဒီနေ့ နေ့ခင်းအထိ ကို လေကြောင်းဝဲနေတာ ရှိတယ်။ ကျန်တာကို စခန်းသိမ်းတိုက်ပွဲပြီးမှဘဲ အသေးစိတ်ထုတ်ပြန်သွားမယ် ” ဟု အဆိုပါ သတင်းအရင်းအမြစ်ကပြောသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း၌ စစ်ကောင်စီ တပ်၏ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူပေးမှုနှင့် လေကြောင်း တိုက်ခိုက်မှုများရှိနေပြီး နှစ်ဖက်အကျ အဆုံးများလည်းရှိနေကြောင်း မြေပြင်သတင်းအရင်း အမြစ်ထံက သိရသည်။

“ နှစ်ဖက်အကျ အဆုံးများတယ်။ စစ်ကောင်စီတပ်က လောလောဆယ် ၂၀ ဦး ကျတယ်။ KNDO ဘက်က ၈ ဦး လောက်ကျ သွားတယ်။ အခုအထိလည်း တိုက်ပွဲပြင်းထန် နေတော့ အကျအဆုံးထပ်ရှိနိုင်တယ် ” ဟု KNLA သတင်းအရင်းအမြစ်မှ ဆိုသည်။

ထို့အပြင် ယမန်နေ့  ဇွန် ၂၈ ညနေပိုင်းအချိန်၌ KNDO ( ကော်ဘရာ စစ်ကြောင်း ) နှင့် KNLA ( ဗီနွန်စ စ်ကြောင်း) တို့က ယမန်နေ့ ညပိုင်းတွင် ဥကရစ်ထစခန်းတွင်းရှိ တဲနှစ်လုံးကို သိမ်းနိုင်ခဲ့သော်လည်း ယနေ့နံနက်တွင် စစ်တပ်က ပြန်လည်ဝင်ရောက်လာရာ တိုက်ပွဲဆက်ဖြစ်နေပြီး ထိုစခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ပါ သုံးပြီး တိုက်ခိုက်နေခြင်းဖြစ်သည်။

KNDO ရှေ့တန်း သတင်းအရင်းအမြစ်တဦးက “ အခုအထိ စစ်စခန်းအနားကို လေကြောင်းနဲ့ ဗုံးကြဲတာ ၁၁ ကြိမ်လောက်ရှိတယ်။ အခု အထိလည်း လေ ယာဉ်ဝဲ နေတယ်။ မနေ့ညပိုင်းက တဲက စစ်ကောင်စီတပ်တွေ အင်အားပြန်ဖြည့်ပြီး ထိုးစစ်ပြန်ဆင်နေတာကြောင့် အခုလို အချိန်ကြာနေတာ။ နယ်မြေရှင်းတဲ့ သဘောနဲ့ အပြန် အလှန်တိုက်ပွဲဖြစ်နေတာ ” ဟု အဆိုပါရှေ့တန်းသတင်းမြစ်ကဆိုသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် ဥကရစ်ထ စစ်စခန်းမှာ ဖလူးလေး- ဝေါလေ- စုကလိသို့ သွားရောက်သည့် လမ်းဆုံ အချက်အချာကျသော နေရာတွင်တည်ရှိပြီး စစ်ကောင်စီတပ်၏ ဗျူဟာအကျဆုံး စစ်စခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသည် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၈ မိုင်ခန့်အကွာ ထိုင်း- မြန်မာနယ်စပ်စည်းမျဉ်းနှင့် ပေ ၅၀၀ ခန့်သာ ကွာဝေးသော စစ်ကောင်စီ၏ ခြေကုတ်စခန်းတခုဖြစ်ကြောင်းလည်း သိရသည်။

ဗီဒီယိုများ