ဘီလင်းမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို ကေအန်ယူ တပ်မဟာ (၁) KNLA တပ်ရင်း ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၂)နံနက်အစောပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

23 Jun 2022

ဓာတ်ပုံ - ကရင်အမျိုးသား အစည်းအရုံး (KNU) - ဗဟို

DMG ၊ ဇွန် ၂၃

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို ကေအန်ယူ တပ်မဟာ (၁) KNLA တပ်ရင်း ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၂)နံနက်အစောပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။

မွန်ပြည်နယ် သထုံ မြို့နယ်မှ ဘီလင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ကမာစိုင်ကျေးရွာ အရောက်တွင် ကေအန်ယူတပ်မဟာ (၁) KNLA တပ်ရင်း ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

“ စစ်ကား လေးစီး သထုံက ဘီလင်းကို တက်သွားတယ်။ အဲတာကို သတင်းရလို့ကြို စောင့်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ် ” ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ထိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာမှစစ်ကောင်စီတပ်သား၃၀ ဦးခန့်ထိခိုက်သေဆုံးခဲ့ကာ စစ်ကားနှစ်စီး ပျက်စီးခဲ့ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကမာစိုင်ကျေးရွာအနီး၌ စစ်ကောင်စီ တပ်မှကား သုံးစီးဖြင့် စစ်ကူလာရောက်ခဲ့ပြီး သထုံ-ဘီလင်းကားလမ်းမအနီး၌ အချိန်နှစ်နာရီ ကြာမြင့်စွာ ဖြင့် ယာဉ်အသွားအလာရပ်တန့်ထားခဲ့ရကြောင်း ဘီလင်းမြို့ခံများထံမှ သိရသည်။

“ ကမာစိုင်မှာ စစ်ကားမိုင်းဆွဲခံရတယ်။ အဲတာကြောင့် ထုံကနေ ဘီလင်းကို သွားနေကြတဲ့ ကားတွေလမ်းမှာပဲ မနက်ကနှစ်နာရီကြာ လောက်ရပ်ထားခဲ့ရတယ်။ ရှေ့ဆက်သွားလို့မရတော့လို့ပါ။ အခုကတော့ သွားခွင့်ရပါပြီ။ လမ်းမှာတော့ စစ်ဆေးများ နေပါသေးတယ် ” ဟု ဘီလင်းမြို့ခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် နံနက်(၆ )နာရီတွင်လည်း သထုံမြို့နယ် ဝီယော်စစ်စခန်းမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် BGFပူးပေါင်းအဖွဲ့ကို KNLAတပ်ရင်း ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သာ (၁၇) ဦး သေဆုံးခဲ့ပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ထိုသို့ ယာဉ်တန်းမိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးသည်ဆိုသည့် ဒေသခံသရင်းရင်းမြစ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို DMG ကလည်း  သီးခြား အတည်မြ ပုနိုင်သေး ပေ။

ကျိုက်ထို- ဘီလင်း- သထုံ သွားရာကားလမ်းမတွင် ကေအန်ယူတပ်မဟာ (၁) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတို့သည် ယခုဇွန်လ ဒုတိယအပတ်မှစပြီး မိုင်းဆွဲတိုက်ခိုက်မှုနှင့်နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသဖြင့် အဆိုပါ ကားလမ်းမ တလျောက်တွင် စစ်ကောင်စီတပ်များက ခရီးသွားများကို ရှာဖွေ စစ်ဆေးမှုများပိုမိုတင်းကြပ်လာကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဗီဒီယိုများ