အမတ်လောင်းသုံးဦးကို AA ဖမ်းဆီးထားခြင်းကြောင့် တောင်ကုတ်တွင် NLD ရှုံးနိမ့်ခြင်းဟု ဆို

ကိုယ်စားလှယ်လောင်းသုံးဦး ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးခံထားရခြင်းသည် တောင်ကုတ်မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မဲရှုံးနိမ့်မှုနှင့် ဆက်စပ်နေကြောင်း တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၏ အောင်နိုင်ရေးကိုယ်စားလှယ်က သုံးသပ် ပြောဆိုသည်။

By အောင်ထိန် 09 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၉ ၊ တောင်ကုတ်

ကိုယ်စားလှယ်လောင်းသုံးဦး ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးခံထားရခြင်းသည် တောင်ကုတ်မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မဲရှုံးနိမ့်မှုနှင့် ဆက်စပ်နေကြောင်း တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၏ အောင်နိုင်ရေးကိုယ်စားလှယ်က သုံးသပ် ပြောဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်လောင်းသုံးဦးသည် ယင်းပါတီနှင့် ပြိုင်ဘက်ပါတီဖြစ်သည့် ရခိုင်အမျိုးသား ပါတီ(ANP) ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ထားကြောင်း သက်ဆိုင်ရာပါတီများ၏ ရွေးကောက်ပွဲရလဒ် အရ သိရသည်။

“အဓိက ရှေ့တန်းထွက်မယ့်သူမရှိတော့ ကျွန်တော်တို့က ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်တဲ့အခါ တချို့အလုပ် တွေကို လူခွဲလုပ်ရတယ်။ ကျွန်တော်တို့မှာ ရှေ့မှာဆွဲထားတဲ့ အစီအစဉ်တစ်ခုပေါ့။ သူက ဒီဘက်အပိုင်းက အောင်နိုင်ရေးကြိုးစားရင် ကိုယ်ကဒီဘက် အောင်နိုင်ရေးကြိုးစားမယ်ပေါ့။ ဒီလိုဖြစ်သွားတဲ့အခါ ကျွန်တော်တို့မှာ ကြိုးစားပိုင်ခွင့် မရခဲ့တော့ဘူးပေါ့” ဟု ဦးမင်းအောင်၏ ရွေးကောက်ပွဲအောင်နိုင်ရေးကိုယ်စားလှယ် ဦးသက်ထွန်းက ဆိုသည်။

အဆိုပါ ပါတီအသီးသီးထံမှရရှိသော မဲရလဒ်များအရ ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်တွင် ၄၆၃၃ မဲ၊ ပြည်သူ့လွှတ်တော်တွင် ၅၀၆၉ မဲနှင့် အမျိုးသားလွှတ်တော်တွင် ၅၀၁၅ မဲတို့ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ပြည်နယ်လွှတ်တော်တွင် ၃၇၆၆ မဲ၊ ပြည်သူ့လွှတ်တော်တွင် ၄၁၈၆ မဲနှင့် အမျိုးသား လွှတ်တော်တွင် ၄၃၂၁ မဲရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် လွှတ်တော်မဲဆန္ဒနယ်တစ်ခုချင်းစီတွင် ရခိုင်အမျိုးသားပါတီ(ANP)ထက် မဲအရေအတွက် ၁၀၀၀ ကျော် လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း ပါတီများ၏ စာရင်းအရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာလည်း လုံခြုံရေးအရ အချိန်ပြည့် စည်းရုံးရေးလုပ်ဆောင်မှုများ မပြုလုပ်နိုင်ခဲ့ကြောင်း ဦးသက်ထွန်းက ဆက်လက်၍ပြောသည်။

တောင်ကုတ်မြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့သုံးဦးအား ရွေးကောက်ပွဲပြီးမြောက်သည့် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့အထိ ရက္ခိုင့်တပ်တော်(AA)မှ ပြန်လွှတ်ပေးခြင်းမရှိဘဲ လက်ဆက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က “တစ်ပိုင်းကတော့ သူ့ဟာနဲ့သူ စပ်ဆက်မှုရှိတယ်။ ဒါက ရိုက်ခတ်မှုရှိတယ်လေ။ ရိုက်ခတ်မှုရှိတာက ဒီလူတွေမရှိရင် ဒီနေရာမှာ လစ်လပ်သွားမယ်” ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့၌ ရွေးကောက်ပွဲကျင်းပသည့် မြို့ပေါ်(၄)ရပ်ကွက်တွင် မဲရုံပေါင်း(၂၈)ရုံရှိပြီး အဆိုပါမဲရုံများ၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၂၁၈၀၈)ဦးအနက် နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးသူ ၁၅၆၀၂ ဦးရှိခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် ရခိုင်မျိုးသားပါတီ(ANP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD)အပြင် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရရှိခဲ့သော နေရာဖြစ် သော်လည်း ယခုနှစ်တွင် ANP မှ အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲရလဒ်များသည် သက်ဆိုင်ရာပါတီများမှ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မဲရလဒ် အတိ အကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

ဗီဒီယိုများ