စစ်ဘေးရှောင်များအတွက် အစိုးရထောက်ပံ့သည့်ဆန်များကို သယ်ဆောင်လာသူ ၁၅ ဦးစစ်ဆေးခံနေရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းအတွက် အစိုးရက ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီးအပြန်တွင် ဆန်သယ်ဆောင်လာသူ (၁၅)ဦးကို တပ်မတော်က စစ်ဆေးနေသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

07 Apr 2020

ခင်သရဖီဦး | DMG
ဧပြီ ၇ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းအတွက် အစိုးရက ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီးအပြန်တွင် ဆန်သယ်ဆောင်လာသူ (၁၅)ဦးကို တပ်မတော်က စစ်ဆေးနေသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ကျေးရွာစာရေးအပါအဝင် စစ်ဘေးရှောင် ၁၅ ဦးတို့သည် ဧပြီလ ၄ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူရုံးကို ဆန် အိတ် (၁၅၀) ထုတ်ယူရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဆန်အိတ်များ သယ်ဆောင်ပြီး စစ်ဘေးရှောင်စခန်းသို့ အပြန်တွင် ကျောက်တော်မြို့ စကခ (၉) ဂိတ်ရှေ့တွင် တပ်မတော်သားများ၏ စစ်ဆေးမှုခံနေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

“စစ်ဆေးနေတဲ့ အချိန်ကတည်းက အဆက်အသွယ် မရတော့ဘူး။ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မိသားစုတွေကလည်း မစားနိုင်မသောက်နိုင်နဲ့ နေမကောင်းဖြစ်နေတဲ့သူ ဖြစ်နေပါပြီ။ တချို့ဆို ကျန်းမာရေးတောင် ထိခိုက်နေပါပြီ။ သား ဒီနေ့လာမှာလား၊ မနက်ဖန်လာမလားဆိုတာကို စိုးရိမ်နေပါပြီ”ဟု ညောင်ချောင်းစခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က DMG သို့ပြောသည်။

လက်ရှိတွင် အဆိုပါ (၁၅)ဦးနှင့်ပတ်သက်ပြီး သတင်းအချက်အလက် မသိရှိရသေးပေ။ ထို့ပြင် စစ်ဘေးရှောင် များအတွက် ၎င်းတို့သယ်လာသည့် ဆန်များလည်းမရောက်ရှိသေးသောကြောင့် စစ်ဘေးရှောင်များမှာ အခက် အခဲရှိသည်ဟု ဦးဦးထွန်းဝင်းက ပြောသည်။

“စစ်ဖြစ်နေတဲ့ ဒေသတစ်ခုမှာ စစ်ဆေးမှုပြုလုပ်တဲ့အပေါ်မှာတော့ သဘောထားမှတ်ချက် မပေးလိုပါဘူး။ ဒါပေမဲ့ အစိုးရလမ်းကြောင်းတစ်ခုက ပေးတဲ့ဆန်တွေဖြစ်တယ်။ သက်ဆိုင်တဲ့ ထွေ/အုပ်ထောက်ခံချက်တွေပါ အပြည့်အစုံ ပါတယ်။ အမှန်တကယ်လည်း စစ်ဘေးရှောင်စခန်းတစ်ခုကို ဦးတည်ပြီးသွားတဲ့ ဆန်တွေလည်းဖြစ်တယ်။ လူသားချင်း စာနာမှုနဲ့ပေးတဲ့ဆန်တွေပါ။ အဲဒါတွေက အချိန်မီမရောက်ရင် စစ်ဘေးရှောင်စခန်းတွေမှာလည်း အခက်ခဲ အများကြီးှရှိတယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို DMG က ဆက်သွယ်ခဲ့ရာတွင် ဖုန်းစက်ပိတ်ထားသည်။

ဗီဒီယိုများ