စစ်ကြောရေးအတွင်း ရိုက်နှက်ခံရမှုကြောင့် အမ်းဒေသခံတစ်ဦး ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံတစ်ဦးမှာ တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးစစ်ဆေးမှုကို တစ်ညတာခံခဲ့ရပြီးနောက် ယနေ့(နိုဝင်ဘာ ၁၅ ရက်)နေ့တွင် ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 15 Nov 2020

Photo Crd : Ko Myo Lwin Ann Facebook

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံတစ်ဦးမှာ တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးစစ်ဆေးမှုကို တစ်ညတာခံခဲ့ရပြီးနောက် ယနေ့(နိုဝင်ဘာ ၁၅ ရက်)နေ့တွင် ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါမြို့နယ် ကျောက်မြောင်းအုပ်စုရှိ ချစ်ပုံမကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်နုမောင်သည် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက ကျေးရွာအနီးရှိ ပုစွန်တာတွင်အလုပ်လုပ်နေစဉ် တပ်မတော်သားအချို့က အရပ်ဝတ်များ ဝတ်ဆင်ကာ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ယင်းနောက် ချစ်ပုံမကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ဦးကျော်နုမောင်အား တစ်ညကြာဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းပြန်သွားသည့်အချိန်မှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဦးကျော်နုမောင်၏ သမီးဖြစ်သူ မခင်နှင်းဝေက DMG သို့ ပြောသည်။

“သူတို့(တပ်မတော်)က ကျမအဖေကိုနောက်ပြန်ကြိုးတုတ်ပြီးချည်ထားခဲ့တာ။ ပြီးတော့ ကျောင်းကကပ္ပီယကို ခေါ်ပြီးတော့ သူ့ကိုနေ့လယ် ၁ နာရီထိုးရင် ပြန်လွှတ်ပေးလိုက်ဆိုပြီး မှာထားခဲ့တယ်တဲ့။ ကပ္ပီကလည်း သူတို့ လွှတ်ခိုင်းခဲ့တဲ့အချိန်ထိမစောင့်ဘဲ စစ်တပ်ပြန်သွားတာနဲ့ ချက်ချင်းပြန်လွှတ်ပေးခဲ့တာ’’ ဟု ၎င်းကရှင်းပြသည်။

ဦးကျော်နုမောင်မှာ ဖမ်းဆီးခံထားရစဉ်အချိန်အတွင်း ရိုက်နှက်ခံခဲ့ရသည့်ဒဏ်ရာများကြောင့် ခြေ၊လက်များ လှုပ်ရှား၍မရဖြစ်နေပြီး မျက်နှာတွင်လည်းဖူးရောင်နေသဖြင့် တပ်တောင်မြို့ဆေးရုံ၌ ဆေးကုသမှုခံယူ နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“အခု ကျမအဖေက သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်။ တစ်ကိုယ်လုံးလည်း ဖူးရောင်နေတာပဲ။ ဆရာဝန် ကတော့ မစိုးရိမ်နဲ့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျမအဖေကို ဘာအပြစ်မှမရှိဘဲ ဖမ်းပြီးတော့ အခုလိုရိုက်နှက် လိုက်တာကို လုံးဝမကျေနပ်ဘူး။ စိတ်ထဲမှာလည်းအရမ်းစိတ်မကောင်းဖြစ်နေတယ်” ဟု မခင်နှင်းဝေက ဆိုသည်။

ယခုကဲ့သို့ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဆိုသော မိသားစုဝင်များ၏ပြောဆိုချက်အပေါ် တပ်မတော်၏တုံ့ပြန်ချက်ရရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

အမ်းမြို့နယ်၊ ကျောက်မြောင်းအုပ်စုတွင် ကျေးရွာပေါင်း(၁၀)ကျော်ရှိပြီး တပ်မတော်စစ်ကြောင်းများမှ ကျေးရွာ အတွင်းဝင်ရောက်စစ်ဆေးမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေမှုများရှိကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုများရှိနေပြီး စစ်ဆေးခံနေရစဉ်အတွင်း သေဆုံးသွားသူများလည်း ရှိခဲ့သည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်ထိ သံသယဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကာလအတွင်းသေဆုံးသွားသည့် အရပ်သား ၂၂ ဦးခန့်အထိရှိလာနေပြီဖြစ်ကာ ဖမ်းဆီးခံရ ပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူများလည်းရှိနေသည်။

ယင်းအပြင် တိုက်ပွဲအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှာင်ဦးရေ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ