ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့နည်းပါက အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ပညာရေးကို အဓိကထားဆောင်ရွက်နေကြောင်းလည်း ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အခုက ကိုဗစ်ကူးစက်ပြန့်ပွားမှုနှုန်း ၇ ရာခိုင်နှုန်းထိရှိသေးတယ်။ WHO က သတ်မှတ်ထားတဲ့ ငါးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းအောက်ရောက်ရင် ကျွန်တော်တို့ကျောင်းတွေဖွင့်ဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ရေတိုအနေဖြင့်လည်း အားကစားကိုပါဆောင်ရွက်နေပြီး တိုင်းနှင့်ပြည်နယ်အလိုက် အားကစားကွင်းများပြုလုပ်ကာ အားကစားစိတ်ဓာတ်ပြန်လည်ရှင်သန်ရေးအတွက် လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုများကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့သည်။ လက်ရှိတွင် ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာနေပြီး ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ရန်လိုအပ်သည်ဟုဆိုကာ အခြေခံကျောင်းများကို အောက်တိုဘာ ၂၄ ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင်း နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ထားခဲ့ရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၄၆၂၆၀၈ ဦးနှင့် သေဆုံးသူ ၁၇၆၈၂ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ