မောင်တောနယ်စပ်သို့ တရားမဝင် လူပို့ဆောင်နေကြသော ပွဲစားများကို အရေးယူရန် ဖော်ထုတ်နေ

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောဒေသသို့ တရားမဝင် လူပို့ဆောင်ပေးနေကြသည့် ပွဲစားများကို အရေးယူနိုင်ရန်အတွက် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

By ကျော်မျိုးအောင် 18 Jun 2020

ကျော်မျိုးအောင် | DMG
ဇွန် ၁၈ ၊ မောင်တော

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောဒေသသို့ တရားမဝင် လူပို့ဆောင်ပေးနေကြသည့် ပွဲစားများကို အရေးယူနိုင်ရန်အတွက် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိတွင် တရားမဝင် ပို့ဆောင်ပေးနေသူဟု သံသယရှိသူ ကူးတို့လှေသမားတစ်ဦးကိုလည်း အမှုဖွင့်လှစ်ရန် ဆောင်ရွက်နေပြီး တရားမဝင် ဝင်ရောက်လာခဲ့ကြသော လမ်းကြောင်းများကိုလည်း စိစစ်နေကြောင်း ၎င်းထံမှ သိရသည်။

“လတ်တလောမှာတော့ သရက်အုပ်ကျေးရွာအုပ်စု မင်္ဂလာကြီးကျေးရွာက ကူးတို့လှေသမားတစ်ဦးကို လူကုန် ကူးနဲ့ ဖွင့်ဖို့လုပ်နေတယ်။ လူကိုတော့ ဖမ်းမမိသေးဘူး။ ဖမ်းဆီးနိုင်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အချက် အလက်တွေ ပေးထားတယ်” ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ရှင်းပြသည်။

မောင်တော‌ဒေသ၏ အခြေအနေသည် အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေးပိုင်းတွင် သီးခြားဖြစ်နေကြောင်း တစ်ဘက် နိုင်ငံမှ ဝင်ရောက်လာသူများမှာလည်း အဆက်အသွယ်များနှင့် အဆင်ပြေသလိုချိတ်ဆက်ကာ တရားမဝင် ဝင်ရောက်နေကြကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဆိုသည်။

“သိရတာကတော့ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့အခါမှာ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တွေကို စာရင်းပို့ပြီးတော့မှ ဝင်လာကြတယ်။ တချို့ကလည်း စားရင်းပေးလို့ရှိရင် ငွေကြေးကုန်ကျတာတွေ ရှိတဲ့အတွက် မတတ်နိုင်သူတွေက ရတဲ့နည်းနဲ့ ဝင်လာတာတွေ ရှိနေတယ်” ဟု ၎င်းကပြောသည်။

ကိုဗစ်ကာလအတွင်း တစ်ဘက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုကို အစိုးရက ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်လာသူ ၈၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဇွန်လ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၉ ဦးအထိ ရှိလာပြီဖြစ်သည်။

ထိုအထဲတွင် တောင်ကုတ် ၁ ဦး၊ သံတွဲ ၁ ဦးအပြင် တစ်ဘက်နိုင်ငံမှ တရားမဝင် ဝင်ရောက်သူများထဲမှ မောင်တောမြို့နယ်တွင်  ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၃ ဦးဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ