စစ်တွေတွင် မီဒီယာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ သိနားလည်မှုဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊စစ်တွေဟိုတယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဒီယာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ သိနားလည်မှုဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

28 Feb 2020

ခင်သရဖီဦး | DMG

ဖေဖော်ဝါရီ ၂၈ ၊စစ်တွေ

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဒီယာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာ သိနားလည်မ ှုဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

မီဒီယာအခန်းကဏ္ဍကို သေသေချာချာသိရှိစေရန်၊ သတင်းအချက်အလက်များကို သေသေချာချာ လေ့လာသုံးသပ်တတ်စေရန်နှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည့် သတင်းများကို အမှား၊အမှန်ခွဲခြားတတ်စေရန် ရည်ရွယ်ပြီး BNI Multimedia Group နှင့် Development Media Group (DMG)တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ အဓိက လုပ်ဆောင်ရတာက မီဒီယာရဲ့အခန်းကဏ္ဍကို အားလုံး လူကြီး၊၊လူငယ် ကလေးကအစ သိစေချင်တာကြောင့်ပါ။ ပြီးတော့ သတင်းအချက်အလက်တွေကအစ အကုန်လုံးကို ကျနော်တို့သေသေချာချာ လေ့လာဖို့ သုံးသပ်တတ်ဖို့လိုပါတယ်”ဟု BNI ဘဏ္ဍာရေးဥက္ကဌ ကိုစန်းသဲက ပြောသည်။

ယင်းဆွေးနွေးပွဲတွင် အသံအဖွဲ့၏ ဒါရိုက်တာ ကိုမောင်ဆောင်းခက လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းထောက်များ၏လုံခြုံရေးနှင့် အမုန်းစကားများအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့ပြင် ခိုးနူမ်းသုန်သတင်းဌာနမှ ဖိလစ်စိုးနိုင်ကလည်း မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာအကြောင်းအရာများ၊ သတင်းအချက်အလက်လုံခြုံရေး၊ သတင်းရယူခွင့်နှင့် သတင်းအမှားများ၊ သတင်းအတုများ စီစစ်နိုင်သည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းအပြင် နိရဉ္စရာသတင်းဌာနမှ လက်ထောက်အယ်ဒီတာ မာန်ယုကျော်နှင့် DMG အယ်ဒီတာများကလည်း သတင်းအချက်အလက်အမှား၊သတင်းတုနှင့်ဒေသခံအဖွဲ့အစည်းများကြုံတွေ့နေရသည့်အခြေအနေ၊ မီဒီယာအဖွဲ့ များ၏ လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောပြာပွဲသို့ စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းနှင့် အရပ်ဖက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများအပါအဝင် စိတ်ပါဝင်စားသူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဗီဒီယိုများ