- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရခိုင်ပြည်သူများ သတင်းသိပိုင်ခွင့်ကို စစ်ကောင်စီ ခြိမ်းခြောက်လာ
ရခိုင်သတင်းမီဒီယာများမှ ရေးသားဖော်ပြနေသောသတင်းများကို ထပ်ဆင့်မျှဝေခြင်း၊ ကူးယူဖော်ပြခြင်း၊ မှတ်ချက်ရေးသားခြင်း ပြုလုပ်နေသူများအားအရေးယူရန် စာရင်းပြုစုနေကြောင်း ပြည်နယ်စစ်ကောင်စီပိုင် “ရခိုင်နေ့စဉ်” လူမှုကွန်ရက်မှ ထုတ်ပြန်လာသည်။
05 Dec 2023

DMG ၊ ဒီဇင်ဘာ ၅
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသော စစ်ကောင်စီသည် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကိုပါ ခြိမ်းခြောက်မှုများ လုပ်ဆောင်လာနေသည်။
ရခိုင်သတင်းမီဒီယာများမှ ရေးသားဖော်ပြနေသောသတင်းများကို ထပ်ဆင့်မျှဝေခြင်း၊ ကူးယူဖော်ပြခြင်း၊ မှတ်ချက်ရေးသားခြင်း ပြုလုပ်နေသူများအားအရေးယူရန် စာရင်းပြုစုနေကြောင်း ပြည်နယ်စစ်ကောင်စီပိုင် “ရခိုင်နေ့စဉ်” လူမှုကွန်ရက်တွင် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြထားသည်။ ပြည်ပ၌နေထိုင်သူဖြစ်ပါက ဗီဇာသက်တမ်းတိုးသည့်အချိန်တွင် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဆိုထားသည်။
စစ်ကောင်စီဖော်ပြသည့် ရခိုင်သတင်းမီဒီယာများမှာ Western News, Narinjara, Development Media Group, Border News Agency, Arakan Bay News, Cuckoo Chay Vlog, Arakan Princess Media, Voice Of Westland, One Nation News တို့ ဖြစ်သည်။ အဆိုပါသတင်းမီဒီယာများမှာ လူမျိုးရေး/စစ်ရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများကို လှုံ့ဆော်ရေးသားဖော်ပြနေကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
Border News Agency အယ်ဒီတာချုပ် ဦးကောင်းမြတ်နိုင်က “အဓိကတော့ မြေပြင်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းရေးသားဖော်ပြနေတဲ့ ရခိုင်သတင်းမီဒီယာတွေကို ထိန်းချုပ်လို့မရတဲ့အတွက်ကြောင့် စာဖတ်ပရိသတ်တွေကို ခြိမ်းခြောက်လာတာဖြစ်တယ်” ဟု ပြောသည်။
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်/မမှန်သတင်းများကို ဖြန့်ချိရေးသားနေသည်ဟုဆိုကာ စစ်တွေမြို့ခံနှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက အမှုဖွင့် အရေးယူထားသည်။ လမ်းမတော်မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်းနှင့် ရဲနွယ်စုရပ်ကွက်မှ မစောခင်အေး (ခ) အဘု တို့နှစ်ဦးမှာ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများကို မျှဝေဖော်ပြ၍ အရေးယူခြင်းဖြစ်ကြောင်း “ရခိုင်နေ့စဉ်”က ဖော်ပြသည်။
“သတင်းဖတ်ရှုသူတွေက ကိုယ့်သဘောဆန္ဒအတိုင်း လွတ်လပ်စွာမှတ်ချက်ပေးတာက သတင်းလွတ်လပ်ခွင့်ပဲလေ။ စစ်ကောင်စီကို ဝေဖန်စရာတွေမြင်ရင်လည်း ဝေဖန်ကြမှာပေါ့။ ဒါကိုမှ အပြစ်မြင်တယ်ဆိုရင်လည်း အစကတည်းက အဝေဖန်မခံရအောင် လုပ်ကြပေါ့” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့ရွာ/ရပ်ကွက်များကို လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ မီးရှို့ဖျက်စီးမှု စသည့် စစ်ရာဇတ်မှုများကို ကျူးလွန်လျက်ရှိသည်။
ထို့အပြင် အရပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေပြီး ဒေသအခြေစိုက် သတင်းမီဒီယာရုံးများကိုလည်း ဝင်ရောက်စီးနှင်းမှု၊ သတင်းသမားများကို လိုက်လံဖမ်းဆီးမှုများပြုလုပ်ကာ သတင်းအမှောင်ချရန် ကြိုးပမ်းနေသည်။
Western News သတင်းဌာန အယ်ဒီတာချုပ် ဦးဝဏ္ဏခွာညိုက “စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့မီဒီယာတွေက နိုင်ငံတကာကသိအောင် ဖော်ပြကြတယ်။ ဒီလိုဖော်ပြတာတွေကို ပြည်သူတွေကလည်း မျှဝေတာတွေရှိတယ်။ ဒါတွေကို ထိန်းချုပ်ချင်တဲ့အတွက် စစ်ကောင်စီက လုပ်လာတာဖြစ်တယ်။ ဒါပေမယ့် ဒီဟာတွေက ထိရောက်မှု ရှိလာမှာမဟုတ်ဘူး” ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်တိုးလာနေသည်။ ယင်းအပြင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုကို ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ ပြတ်လပ်နေသည်။
#D002 #DMG