အာဏာသိမ်းပြီးနောက် မီဒီယာများတွင် အမျိုးသမီးအသံပါဝင်မှု အားနည်းသွား

စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်စပ်၍ အမျိုးသမီးများအား အင်တာဗျူးမေးမြန်းသောအခါ လုံခြုံရေးအခြေအနေကြောင့် အင်တာဗျူးမဖြေဆိုရဲကြ၍ မီဒီယာများတွင် အမျိုးသမီးအသံ ပါဝင်မှုကိုမြှင့်တင်ရန် အခက်အခဲများ ရှိနေကြောင်း သတင်းသမားများက ပြောဆိုကြသည်။ 

By Admin 24 Aug 2023

၂၀၂၀ ခုနှစ် ဒီဇင်ဘာလက စစ်တွေတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလှုပ်ရှားမှု။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလက စစ်တွေတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလှုပ်ရှားမှု။

DMG ၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ မီဒီယာအခန်းကဏ္ဍတွင် အမျိုးသမီးအသံပါဝင်မှု အားနည်းသွားကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများနှင့် မီဒီယာအသိုင်းဝိုင်းက ပြောကြသည်။

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က ယနေ့ပြုလုပ်သော “တိုင်းရင်းသားမီဒီယာများမှ အမျီုးသမီး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သတင်းတင်ဆက်မှု အခြေအနေ" အွန်လိုင်းဆွေးနွေးပွဲ စကားဝိုင်းတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

“ဒီကာလမှာ Women, peace, security နဲ့ပတ်သက်ပြီး တိတိကျကျ၊ တည့်တည့်မတ်မတ် လုပ်ဆောင်နေတဲ့ အမျိုးသမီးအဖွဲ့တွေ အားနည်းနေသေးသလို၊ မီဒီယာတွေမှာလည်း အားနည်းချက်တွေ အများကြီး ရှိနေသေးတာ တွေ့ရပါတယ်” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ တည်ထောင်သူနှင့် အကြံပေးဖြစ်သူ ဒေါ် မီဆူးပွင့်က ပြောသည်။

လတ်တလော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာလည်း စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေဖြစ်နေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် အမျိုးသမီးဦးရေ ၃,၆၄၇ ထိ ပြစ်ဒဏ်ချမှတ် ခံထားရပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။

“လက်ရှိအခြေအနေမှာ အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနဲ့ ဘေးကင်းလုံခြုံရေးပိုင်းတွေမှာ အမျိုးသမီးတွေပါဝင်မှုက အမှန်တကယ်ပဲ အားနည်းနေတာ တွေ့ရပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဘေးကင်းလုံခြုံရေးကိစ္စက အမျိုးသမီးတွေအတွက် ဦးဆောင်မှု၊ လမ်းပြမှုလုပ်ဖို့အတွက် အရမ်းအခက်ခဲရှိတဲ့ ပုံစံမျိုးဖြစ်လာပါတယ်” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ မမီးချေက ပြောသည်။

စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်စပ်၍ အမျိုးသမီးများအား အင်တာဗျူးမေးမြန်းသောအခါ လုံခြုံရေးအခြေအနေကြောင့် အင်တာဗျူးမဖြေဆိုရဲကြ၍ မီဒီယာများတွင် အမျိုးသမီးအသံ ပါဝင်မှုကိုမြှင့်တင်ရန် အခက်အခဲများ ရှိနေကြောင်း သတင်းသမားများက ပြောဆိုကြသည်။ 

“ကျနော်တို့ကတော့ သတင်းတွေ ရေးသားတင်ဆက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးအတွေကို စုံအောင်တော့ ထည့်ရေးချင်တာပါပဲ။ ဒါပေမဲ့ အခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိတဲ့ အခြေအနေဖြစ်နေတော့ များသောအားဖြင့်က အင်တာဗျူးမဖြေချင်ကြဘူး။ ဒါကြောင့် အင်တာဗျူးဖြေရဲတဲ့သူတွေကိုပဲ ကျနော်တို့က ထပ်ကာတလဲလဲ မေးမြန်းတင်ဆက်နေရတဲ့ အပိုင်းတွေရှိတယ်” ဟု ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။ 

လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသောဒေသများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ အမျိုးသမီး ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB)က ပြောဆိုထားသည်။ 

“ပဋိပက္ခတွေဖြစ်ပြီး ထွက်ပြေးပြီဆိုရင် လတ်တလောဖြစ်နေတဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက်ကိုပဲ ဖော်ပြတင်ပြကြတယ် စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စတွေကိုပဲ ဖြေရှင်းနေရတဲ့အခါ တစ်ဖက်မှာ အမျိုးသမီးတွေ အခွင့်အရေးနဲ့ ပတ်သက်ပြီး တော်လှန်ရေးမပြီးသရွေ့ ခက်ခဲနေတယ် ” ဟု ကချင်အခြေစိုက် Kachin News Group (KMG) အယ်ဒီတာချုပ် ဆမ်နော်က ပြောသည်။

အမျိုးသမီးအရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာကိစ္စရပ်များတွင် အမျိုးသမီးအဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်မည်ဆိုပါက နိုင်ငံရေးတည်ငြိမ်ရန်နှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောင့်သည့် ဥပဒေများ ခိုင်မာရန် လိုအပ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။ 

#I003

ဗီဒီယိုများ