ရခိုင်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ၊ နေအိမ်များလည်း ပျက်စီးမှုရှိနေ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ယမန်နေ့(အောက်တိုဘာလ ၅ ရက်)က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

06 Oct 2022

ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရသွားသည့် မင်းပြားမြို့နယ်မှ ဒေါ်စိန်အေးနုကိုတွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၆

ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ယမန်နေ့(အောက်တိုဘာလ ၅ ရက်)က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာထဲသို့ ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သောကြောင့် နေအိမ်အတွင်းအိပ်နေသည့် အသက် ၄၈ နှစ်အရွယ် ဒေါ်စိန်အေးနုဆိုသူကို ထိမှန်သွားသည်။ ထို့ကြောင့် ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရရှိသွားကြောင့် ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“မနေ့က ည ၈ နာရီခွဲလောက်မှာ င/စရိုင်းချောင်းတောင်ပေါ်မှာရှိတဲ့ ခမရ ၅၄၁ လက်အောက်ခံတပ်ရင်းက ပစ်တာပါ။ လက်နက်ကြီး ၅ လုံးပစ်တာမှာ နောက်ဆုံးအလုံး ရွာထဲ လာကျပြီး ထိသွားတာပါ။ သူက အိမ်မှာအိပ်နေတာ။ လက်နက်ကြီးက သူ့အိမ်ဘေးကခြံစည်ရိုးမှာကျပြီး သူ့ဆီကို လက်နက်ကြီးကျည်စတွေ ကျလာတာပါ။ အိပ်နေတာကြောင့် ဘယ်လက်မောင်းမှာ ပေါက်သွားတာ လက် ၃ ဆစ်လောက် နက်တယ်။ ပြီးရင် လည်ပင်းမှာ အပေါက်လေးပေါက်သွားတယ်”ဟု သူကပြောသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်တွင်လည်း ယခုရက်ပိုင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးထိခိုက်မှုများရှိနေကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကျောက်ရန်သာစည်ကျေးရွာမှ နေအိမ် ၆ အိမ် ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“၄ ရက်နေ့က လက်နက်ကြီး ၅ လုံးကျတာ အိမ် ၄ ဆောင်ပျက်စီးသွားတယ်။ မနေ့က ၂ လုံးကျတာမှာ ၂ ဆောင်ပျက်စီးသွားတယ်။ လက်နက်ကြီးကကျရင် ခေါင်းမိုးကိုဖောက်ထွက်ပြီး အလယ်စည်းထရံကို ကျရောက်တာ။ စဉ့်အိုးတွေ လည်းကွဲတယ်။ ဒီနေ့လည်း လက်နက်ကြီးနဲ့ပစ်နေပြီ”ဟု သူကပြောသည်။

ထိုသို့ မကြာခဏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကိုစိုးရိမ်၍ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ရေမျက်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ကျနော်တို့ ရွာဘက်တွေကို လက်နက်ကြီးတွေပစ်တာကြောင့် ဒေသခံတွေမနေရဲလို့ ထွက်ပြေးသွားကြပြီ။ ရွာမှာတော့ ယောကျာ်း ၆ ယောက်လောက်ပဲ ကျန်ခဲ့တယ်။ မနေ့ကလည်း တစ်ရက်လုံး လက်နက်ကြီး ၃၀ ကျော်လောက်ပစ်တယ်။ ည ၁ နာရီလောက်မှာ လေယာဉ်တွေနဲ့လာပစ်တယ်။ ပြီးရင် ဗျူဟာကုန်းက လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ကျနော်တို့ တစ်ညလုံးမအိပ်ရဲဘူး”ဟု သူကပြောသည်။

ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပလက်ဝ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား စသည့်ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိနေသည်။

ဗီဒီယိုများ