ကျောင်းဖွင့်ချိန် တစ်ပတ်ကျော်ကြာသော်လည်း ရခိုင်က အထက်တန်းကျောင်း ထက်ဝက်ကျော် စာမသင်ကြား နိုင်သေး

မြန်မာတစ်နိုင်ငံလုံးတွင် အထက်တန်းအဆင့်ကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ တစ်ပတ်ကျော်ကြာသည့်(ယနေ့ ဇူလိုင်လ ၂၉ ရက်)အထိ ရခိုင်ပြည်နယ်တွင် အထက်တန်းကျောင်း ထက်ဝက်ခန့် စာမသင်ကြားနိုင်သေးကြောင်း ခရိုင်ပညာရေးမှူးများထံမှ ရရှိသည့်စာရင်းအရ သိရသည်။

By နှင်းနွယ် 29 Jul 2020

နှင်းနွယ် | DMG
ဇူလိုင် ၂၉ ၊ စစ်တွေ

မြန်မာတစ်နိုင်ငံလုံးတွင် အထက်တန်းအဆင့်ကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ တစ်ပတ်ကျော်ကြာသည့်(ယနေ့ ဇူလိုင်လ ၂၉ ရက်)အထိ ရခိုင်ပြည်နယ်တွင် အထက်တန်းကျောင်း ထက်ဝက်ခန့် စာမသင်ကြားနိုင်သေးကြောင်း ခရိုင်ပညာရေးမှူးများထံမှ ရရှိသည့်စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် အထက်တန်းအဆင့်စာသင်ကျောင်း ၄၄၀ ခန့်ရှိရာ လက်ရှိအချိန်ထိ ခရိုင် ၅ ခရိုင်တွင် အထက်တန်းကျောင်းပေါင်း ၂၃၀ ကျောင်း စာသင်ကြားနေပြီဖြစ်ကာ ကျန်သည့်ကျောင်း ၂၁၀ ခန့်မှာ စာ သင်ကြားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက “ကျောင်းတွေအကုန်လုံးတော့ ဖွင့်လှစ်မသင်ကြားနိုင်သေးဘူး။ တစ်ချို့ စာမသင်ကြားနိုင်သေးတဲ့ကျောင်းတွေလည်း ကျန်နေသေးတယ်”ဟု DMG သို့ ပြောသည်။

စစ်တွေခရိုင်တွင် အထက်တန်းကျောင်း ၉၅ ကျောင်းရှိသည့်အနက် ယနေ့အထိ ပညာသင်ကြားနိုင်သည့် ကျောင်းမှာ ၄၅ ကျောင်းရှိပြီး စာမသင်ကြားနိုင်သည့် ကျောင်းမှာ ၅၀ ကျောင်းရှိကြောင်း စစ်တွေခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

စစ်တွေခရိုင်အတွင်း စာသင်ကြားနေသည့်အထက်တန်းကျောင်းများမှာ စစ်တွေမြို့နယ်တွင် ၈ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁၆ ကျောင်း၊ ပေါက်တောမြို့နယ်တွင် ၄ ကျောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ၁၇ ကျောင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးခရိုင်အတွင်းမှ မြောက်ဦးမြို့နယ်တွင် ၆ ကျောင်း၊ မင်းပြားမြို့နယ်တွင် ၉ ကျောင်း၊ ကျောက်တော် မြို့နယ်တွင် ၇ ကျောင်းသာ ပညာသင်ကြားနိုင်ပြီး ကျန်သည့်ကျောင်း ၂၈ ကျောင်းမှာ ကိုဗစ်ကာကွယ်ရေး အဆင့်သတ်မှတ်ချက် မပြည့်မီသေးသဖြင့် စာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း မြောက်ဦးခရိုင် ပညာရေးမှူး ဦးမောင်သိန်းရွှေထံမှ သိရသည်။

“တခြားကျောင်းတွေကိုလည်း A အဆင့်ရောက်ပြီး ဖွင့်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ကျန်းမာရေး ဌာနကလူတွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး တခြားကျောင်းတွေကို ကွင်းဆင်းစစ်ဆေးနေပါတယ်။ အခု လက်ရှိလည်း နယ်ဘက်ကိုသွားနေပါတယ် ”ဟု ဦးမောင်သိန်းရွှေက ဆိုသည်။

မောင်တောခရိုင်အတွင်းမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်၌ အထက်တန်းကျောင်း (၂၇)ကျောင်း ရှိသည့်အထဲမှ ကိုဗစ်ကာကွယ်ရေးအဆင့်ပြည့်မီသည့် ကျောင်း (၁၁)ကျောင်းကိုသာ ပညာသင်ကြားနေပြီး ကျန်သည့် (၁၆)ကျောင်းမှာ စာသင်ကြားနိုင်ခြင်းမရှိသေးပေ။

မောင်တောခရိုင်ပညာရေးမှူး ဦးစိုးတင့်က “ကျွန်တော်တို့ကတော့ ခွင့်ပြုချက်အရ တခြားကျောင်းတွေကို စစ်ဆေးတုန်းပဲ ရှိသေးတယ်။ ကျောင်းက စီမံချက်တွေပါတဲ့အတိုင်း ဌာနဆိုင်ရာတွေဆီက ခွင့်ပြုချက်ရပြီးမှ ဒီကျောင်းတွေကို ဖွင့်တာပါ။ တခြားမဖွင့်နိုင်သေးတဲ့ B အဆင့်၊ C အဆင့် ကျောင်းတွေကိုလည်း ဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ ’’ဟု ဆိုသည်။

ယင်းအပြင် ကျောက်ဖြူခရိုင်တွင်လည်း အထက်တန်းကျောင်း (၁၂၉)ကျောင်းထဲမှ (၁၀၇)ကျောင်းကို စာသင်ကြားနေပြီး မသင်ကြားနိုင်သေးသည့် ကျောင်းပေါင်း (၂၂)ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “ကျွန်တော်တို့ ကျောက်ဖြူ ခရိုင်တစ်ခုလုံးမှာ အထက်တန်းကျောင်းက (၁၂၉)ကျောင်းရှိတယ်။ အဲဒီထဲက (၁၀၇)ကျောင်းက စာသင်နေပါပြီ။ ကျန်တဲ့ (၂၂) ကျောင်းကသာ A အဆင့် မရောက်နိုင်သေးတဲ့အတွက် ကျောင်းသားတွေ စာမသင်ရသေးပါဘူး” ဟု ပြောသည်။

သံတွဲခရိုင်အတွင်းမှ သံတွဲမြို့နယ်တွင် (၁၅)ကျောင်း၊ တောင်ကုတ်မြို့နယ်တွင် (၂၄)ကျောင်းနှင့် ဂွမြို့နယ်တွင် (၁၂) ကျောင်းရှိသည့်အနက် ဂွမြို့နယ်မှကျောင်းတစ်ဝက်သာ မဖွင့်လှစ်နိုင်သေးဘဲ အခြားမြို့နယ်မှ ကျောင်းများကို ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သံတွဲခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ရေးလုပ်ငန်းစဉ်အဆင့် A ဖြစ်သည့် ကျောင်းများကိုသာ ဖွင့်လှစ် သင်ကြားခွင့်ပြုမည်ဟု ထုတ်ပြန်ထားသဖြင့် A အဆင့် မရသိကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသေးပေ။

ယခုကဲ့သို့ စာသင်ကျောင်းများတွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို ကျောင်းဖွင့်ချိန် နီးကပ်မှ စီစစ်သည့်အပေါ် ဝေဖန်မှုများရှိနေကြသည်။

ဗီဒီယိုများ