သံတွဲတွင် ကျေးလက်နေလူထု စာတတ်မြောက်ရေး ဒေသတွင်းလူမှုအဖွဲ့အစည်းများမှဦးဆောင်ကာ သင်ကြားပေးနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အရှိုချင်းလူမျိုးတို့နေထိုင်ရာ အညစ်ကျေးရွာတွင် ကျောင်းမတက်ရောက်နိုင်သည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစာတတ်မြောက်ရေးအတွက် ဒေသတွင်းလူမှုအဖွဲ့အစည်းများမှ ဦးဆောင်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

07 Mar 2022

DMG ၊ မတ် ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အရှိုချင်းလူမျိုးတို့နေထိုင်ရာ အညစ်ကျေးရွာတွင် ကျောင်းမတက်ရောက်နိုင်သည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစာတတ်မြောက်ရေးအတွက် ဒေသတွင်းလူမှုအဖွဲ့အစည်းများမှ ဦးဆောင်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျေးလက်နေလူထုစာတတ်မြောက်ရေးအတွက် ဒေသတွင်း NGO အဖွဲ့အချို့က အညစ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထကျောင်းတည်ဆောက်ကာ ကျောင်းနေအရွယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို “အ”သုံးလုံးအခြေခံကာ သင်ကြားပေးနေခြင်းဖြစ်သည်။

အဆိုပါကျေးရွာတွင် စာသင်ကြားနိုင်ရန်အဖွဲ့အစည်းများမှဦးဆောင်၍ စာသင်ကျောင်းဆောက်လုပ်လျက်ရှိရာ လက်ရှိမှာ အကြမ်းထည်ပြီးစီးနေပြီဖြစ်သော်လည်း ဘေးအကာနှင့် အိမ်သာဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်ဟု ရခိုင်ပြည်အမျိုးသမီးများကွန်ရက်(WNRS) (သံတွဲမြို့နယ်)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းကျော်မင်းဦးက DMG ကိုပြောသည်။

“အစတုန်းက ရွာကအိမ်တစ်အိမ်မှာပဲ လောလောဆယ်သင်တယ်။ အဲဒီကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျောင်းတိုင်ထူတယ်။ အခုက အမိုးမိုးထားပြီ၊ ကျောင်းပေါ်တတ်လို့တော့ရပြီ။ ဒါပေမယ့် ဘေးကကာဖို့ အဆင်မပြေသေးလို့ တာပေါ်လိတ်စနဲ့ လောလောဆယ်ကာထားရတယ် ”ဟု ၎င်းကဆိုသည်။

အညစ်ကျေးရွာတွင် ရခိုင်ပြည်အမျိုးသမီးများကွန်ရက်(သံတွဲမြို့နယ်)နှင့် အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ(သံတွဲမြို့နယ်)တို့မှဦးစီးပြီး စာသင်ကျောင်းတည်ဆောက်နေခြင်းဖြစ်ကာ ၄င်တို့အဖွဲ့မှပင် ကျောင်းပြင်ပသင်ခန်းစာများကို သင်ကြားပေးနေလျက်ရှိသည်။

လက်ရှိတွင် အညစ်ကျေးရွာမှာ ကလေးငယ် ၁၆ ဦးနှင့် သက်ကြီးရွယ်အို ၅ ဦးတို့ကို ကျောင်းပြင်ပ သင်ခန်းစာများအား နွေသုံးလစီမံကိန်းဖြင့် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှစတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“ရွာမှာ စာမသင်ရတဲ့ကလေးငယ်တွေကို စာရင်းကောက်ကြည့်တော့ (၁၆)ယောက်ရှိတယ်။ ပြီးတော့ ‘အ’သုံးလုံးအခြေခံပြီး သက်ကြီးရွယ်အိုတွေပါတက်လို့ရအောင်ဆိုပြီး ကျောင်းတွင်းစာမဟုတ်ဘဲ ကျောင်းပြင်ပ သင်ခန်းစာ သင်ကြားပေးမှာပေါ့နော်”ဟု ဆလိုင်းကျော်မင်းဦးမှ ရှင်းပြသည်။

အညစ်ကျေးရွာသည် သံတွဲမြို့မှ ၁၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၁၅ ဆောင်ခန့်ရှိသော ရွာငယ်တစ်ရွာဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအသုံးပြု၍ မရရှိကြောင်း သိရသည်။

ဗီဒီယိုများ