တိုင်းရင်းသားပါတီများ အားကောင်းသည့် နေရာများတွင် ရွေးကောက်ပွဲမကျင်းပခြင်းလားဟု စွပ်စွဲချက်ကို ကော်မရှင်ငြင်း

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နိုင် နိုင်ခြေမရှိသည့် တိုင်းရင်းသားပါတီများ အားကောင်းသည့်နေရာများတွင် ရွေးကောက်ပွဲမကျင်းပခြင်လားဟု စွပ်စွဲချက်သည် လုံးဝမှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC ) အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

By မင်းထွန်း 21 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၁ ၊ စစ်တွေ

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နိုင် နိုင်ခြေမရှိသည့် တိုင်းရင်းသားပါတီများ အားကောင်းသည့်နေရာများတွင် ရွေးကောက်ပွဲမကျင်းပခြင်လားဟု စွပ်စွဲချက်သည် လုံးဝမှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC ) အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

“အဲဒီ စွပ်စွဲချက်တွေက လုံးဝမမှန်ကန်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်သဘောနဲ့ ဆုံးဖြတ်တာ မရှိဘူး၊ မှတ်တမ်းတွေရှိတယ်။ သက်ဆိုင်ရာဌာနတွေက သဘောထားမှတ်ချက်တွေ တောင်းပြီးတော့မှ အဲဒီ သဘောထားမှတ်ချက်တွေ စုပေါင်းပြီး ကြည့်တယ်။ မဲလာပေးတဲ့အခါ၊ ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ အန္တရာယ်ရှိသလား၊ အန္တရာယ်ကျရောက်နိုင်သလား၊ ဘေးကင်းလုံခြုံစွာရှိရဲ့လား၊ ဒါတွေကိုကြည့်ပြီးတော့မှပဲ ဆုံးဖြတ်တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့က ကျင်းပခဲ့သော UEC သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများသည် NLD ပါတီမှလွဲပြီး ကျန်တိုင်းရင်းသားပါတီများ အားကောင်းသည့်နေရာဖြစ်သည့်အတွက် လက်ရှိတည်ဆဲအစိုးရကို ရွေးကောက်ပွဲတွင်နိုင်အောင် ကော်မရှင်အနေဖြင့် တဖက်တလမ်းမှ လုပ်ပေးနေသည်ဟု တိုင်းရင်းသားပါတီများ ပြောဆိုမှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းခြင်းကို ကော်မရှင်က ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ဆုံးဖြတ်ကြေငြာရန်အတွက်  ပြည်ထောင်စု အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ သဘောထားမှတ်ချက်ရယူပြီး ယင်းသဘောထားအပေါ်တွင် လေ့လာစိစစ်သုံးသပ်၍ ဆုံးဖြတ် ကြေငြာခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေငြာထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ အမ်းမြို့နယ်တို့ကို ပြန်လည်စဉ်းစားသုံးသပ်နေသလို အခြားရွေးကောက်ပွဲမကျင်းပဟု ကြေငြာထားသည့် နေရာများတွင်လည်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ ကျင်းပနိုင်ခြေရှိကြောင်း တင်ပြလာလျှင်လည်း ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

“(UEC)က ပြန်လည်သုံးသပ်မယ်ဆိုရင် သူတို့အနေနဲ့ စိစစ်သေချာတဲ့ သုံးသပ်မှုကို ကြိုတင်လုပ်ခဲ့ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲမကျင်းဘူးလို့ ကြေငြာပြီးတဲ့အချိန် ဝေဖန်မှုတွေများလာတဲ့အခါမှ ပြန်လည်သုံးသပ်ပေးမယ် ဆိုတာက UEC ဟာ သူတို့ရဲ့လုပ်ရပ်အမှားတွေကို ဖုံးကွယ်ချင်လို့၊ တစ်စုံတစ်ရာ ပါးစပ်နဲ့ပြောဆိုမှုသာ ဖြစ်တယ်လို့ပြောလိုတယ်” ဟု ရခိုင် အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။

ထို့အပြင် UEC အနေဖြင့် အသေအချာ လေ့လာစိစစ်ခြင်းမရှိဘဲ ရခိုင်က မြို့နယ်အများစုတွင် ရွေးကောက်ပွဲ မကျင်းပခြင်းသည် နိုင်ငံရေးရည်ရွယ်ချက် ပါရှိကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်များကို သွားလိုသည့်ဆန္ဒမရှိခြင်းကို ထုတ်ပြလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်၍ ဆိုသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ ပြန်ကန်တော့တယ် ဆိုတဲ့ အနေအထားမျိုးလို့ ဥပမာပေးပြီးတော့ အဲလိုဖြေချင်တယ်။ နဂိုကတည်းက ဖြစ်သင့် ဖြစ်ထိုက်တာကို မစီမံဘဲ ကြေငြာချက်ထုတ်ပြီးတော့မှ ပြန်ပြီးတော့ပြုပြင်တယ်ဆိုတော့ ဒါဟာ အဖွဲ့အစည်းကြီး တစ်ခုရဲ့ ဆင်ခြင်တုံတရားကို ကျနော်တို့က သုံးသပ်ရမလိုဖြစ်နေပြီ” ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့်နေရာများမှာ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုအပြင် ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ် မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့ဖြစ်သည်။

အလားတူ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ကရင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ပဲခူးတိုင်းမှ မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ဖြစ်ပြီး အဆိုပါဒေသများမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံး တော့မည်ဖြစ်ကြောင်း ပေါင်းစည်းတိုင်းရင်းသားပါတီ ၅ ခုမှ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန် ထားသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေငြာထားသည့် နေရာများတွင်  ပြည်သူများအနေဖြင့် ဘေးကင်း လုံခြုံစွာဖြင့် ဆန္ဒမဲပေးခွင့်ရလျှင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

ဗီဒီယိုများ