ရခိုင်က ရွေး/ကော်ဝန်ထမ်းများကို PR စနစ်အကြောင်း စစ်ကောင်စီသင်တန်းပို့ချ

လာမည့် ၂၀၂၃ ခုတွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို PR စနစ်ဟု ခေါ်ဆိုသည့်  အချိုးကျ ကိုယ်စားပြု စနစ်နှင့်ပတ်သက်ပြီး သင်တန်းပို့ချမှုများပြုလုပ်နေပြီဟု သိရသည်။

05 Jul 2022

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေရှိ မဲရုံတစ်ခု၌ မဲရေတွက်နေစဉ်။

DMG ၊ ဇူလိုင် ၅

လာမည့် ၂၀၂၃ ခုတွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို PR စနစ်ဟု ခေါ်ဆိုသည့်  အချိုးကျ ကိုယ်စားပြု စနစ်နှင့်ပတ်သက်ပြီး သင်တန်းပို့ချမှုများပြုလုပ်နေပြီဟု သိရသည်။

ဇူလိုင် ၁ ရက်နေ့က စတင်သော အဆိုပါ သင်တန်းပို့ချမှုသည် ကော်မရှင်ဝန်ထမ်းအသီးသီးအနေဖြင့် PR စနစ် အပေါ် သိရှိနားလည်ရန် ရည်ရွယ်သည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန် ထွဋ်က DMG သို့ပြောသည်။

“လောလောဆယ်က PR စနစ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင်ပေါ့။ ရခိုင်ပြည်နယ် တာဝန်ခံက PR စနစ်နဲ့ပတ်သက်ပြီးတော့မှ အသိပေးတွေ၊သင်တန်းတွေကို ရခိုင်ပြည်နယ် ထဲမှာရှိတဲ့ ကော်မရှင်ဝန်ထမ်းတွေကို PR နဲ့ပတ်သက်လို့သိအောင် စလုပ်နေပြီဖြစ်တယ်” ဟု သူကပြောသည်။

အဆိုပါ ဝန်ထမ်းများကို PR စနစ်အကြောင်းကို မည်သို့ဖွင့်ဆိုရှင်းလင်းသင်ပြသနည်းဟု မေးမြန်းရာတွင် ထုတ် ဖော်ပြောဆိုခြင်းမရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းလည်း ရခိုင်ပြည်သို့ရောက်ရှိလာပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူမှုအခြေအနေ၊ မဲစာရင်းပြုစုရေးကိစ္စတို့အပါအဝင် PR စနစ်အကြောင်းတို့ကို ရခိုင်စစ်ကောင်စီဥက္ကဌအပါအဝင် ကော်မရှင် ဝန်ထမ်းများကို ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအနိုင်ရရှိ ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို မဲမသာမှုဖြင့် အနိုင်ရရှိသည်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သည်။ထို့နောက် မြန်မာစစ်တပ်သည် လာမည့်နှစ် သြဂုတ်လတွင် ရွေးကောက် ပွဲ ပြန်လည် ကျင်းပမည်ဟု ပြောဆိုထားသည်။

လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ဆွေးနွေးခြင်းများ ၊ကြိုတင် ပြင်ဆင်ခြင်းများ မရှိသေးကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် ရွေးကောက်ပွဲပြု လုပ်နိုင်သည့် အခြေအနေတွင်မရှိကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ပြည်သူတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ မိမိဆန္ဒကို မိမိလွတ်လပ်စွာ မဲပေးခွင့်ရဖို့အရေးကြီးတယ်။အခု မြန်မာနိုင်ငံရဲ့အခြေအနေက မဲဆန္ဒရှင် ပြည်သူတွေ လွတ်လပ်လုံခြုံစွာနဲ့ မဲပေးလို့ရနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရှိမနေသေးဘူးလို့ ပြောလိုတယ်” ဟုသူက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရှေ့တိုးနိုင်ရန်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးသဘောတူညီချက်များလုပ်ထားရန်လိုအပ်ကြောင်း ANP ပါတီမှ အကြံပြုသည်။

လက်ရှိမြန်မာနိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်မှာ အထွေထွေရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အကျပ်အတည်းဖြစ်ပေါ်လာမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

“နစက(စစ်ကောင်စီ) အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့ဆိုရင် ၂ နှစ်ပြည့်ပြီ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလအရ သက်တမ်း ၂ နှစ်ဆိုရင်ပြည့်ပြီ။ဒါပေမယ့် အရေးပေါ်ကာလနဲ့ ပတ်သက်တဲ့အခါ ခြောက်လ သက်တမ်းတိုးဟာနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာ ဘာပြဌာန်း ထားလဲဆိုရင် သာမန် အခြေအနေမှာ ခြောက်လစီတစ်ကြိမ်တိုးနိုင်တယ်။တကယ်လို့ ရွေးကောက်ပွဲမယ့်အချိန် ရွေးကောက်ပွဲ မဖြစ်ဘဲ ဟိုကဖျက်၊ဒီကဖျက်။ ဟိုမှာဗုံးပေါက်၊ ဒီမှာဗုံးပေါက် သာမန်မဟုတ်ဆိုတာဖြစ်သွားရင် နောက်သက်တမ်း ဘယ် လောက်တိုးမှာ လဲဆိုတာမပြောနိုင်ဘူး” ဟု သူကဆိုသည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းထားသည့်အပေါ် အရေးပေါ်အခြေအနေဟုသတ်မှတ်ထားသည်။အရေးပေါ် ကာလ သတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်သည်။တာဝန်များ ပြီးမြောက်ခြင်းမရှိ သေးပါကာ တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်တပ်က အာဏာသိမ်းမှုအပေါ် နိုင်ငံအနှံ့အပြားတွင် ဆန့်ကျင်နေကြပြီး တိုင်းပြည်အခြေအနေ သည် စီးပွားရေး၊ပညာရေး၊နိုင်ငံရေး စသည့်နယ်ပယ်အရပ်ရပ်တွင် ယိမ်းယိုင်လျက်ရှိသည်။

ဗီဒီယိုများ