ရခိုင်က ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်ထား

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

06 Nov 2021

DMG ၊ နိုဝင်ဘာ ၆

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထိုသို့အရေးယူခံရသူများမှာ မာန်အောင်မြို့မှ နှစ်ဦး၊ ရမ်းဗြဲမြို့မှ သုံးဦး၊ အမ်းမြို့မှတစ်ဦးတို့ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ-၁၇၁(ဃ) (စ)တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများ၌ အမှုဖွင့်အရေးယူထားသည်။

“ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ဆိုရင် ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ယောက်ပဲရှိတယ်။ တရားရုံးကို အမှုစွဲတင်နိုင်ဖို့ လတ်တလောဆောင်ရွက်နေတယ်”ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိသည့်အနက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်မှာ ၉ ခုရှိသောကြောင့် မဲပေးသူလေးသိန်းကျော်သာ ရှိခဲ့သည်။
တစ်ကြိမ်ထက်ပိုပြီးဆန္ဒမဲပေးခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၁၇၁-(ဃ)နှင့်(စ)အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကာလတွင် တစ်ကြိမ်ထက်ပိုပြီး မဲပေးသည့်ဖြစ်စဉ်များမှာ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတွင်တာဝန်ရှိသလို အစိုးရတွင်လည်းတာဝန်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံကဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ဆန္ဒမဲပေးခဲ့သူကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ- ၅၉ နှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးအတွက် စစ်ကောင်စီမှခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများကို စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၃ အရ စိစစ်ခြင်းဖြစ်ပြီး စိစစ်တွေ့ရှိချက်များအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးပါက ရွေးကောက်ပွဲပျက်ပြားစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နောင်တွင်ယင်းသို့ပြစ်မှုမျိုး ထပ်မံကျူးလွန်မှုမရှိစေရေးအတွက် အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း UEC ၏ ညွှန်ကြားစာတွင်ပါရှိသည်။

ဗီဒီယိုများ