အေအေဖမ်းဆီးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှ တစ်ဦးသေဆုံး၊ ကျန် ၁၈ ဦးကို ပြန်လွှတ်

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှ တပ်ဖွဲ့ဝင်တစ်ဦးမှာ နှလုံးအမောဖောက် သေဆုံးသွားခဲ့ပြီး ကျန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

By ခိုင်ရိုးလ 07 Nov 2019

(အေအေက ဖမ်းဆီးသွားသည့် မီးသတ်တပ်ဖွဲ့ဝင်များထဲမှ အချို့)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၇ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှ တပ်ဖွဲ့ဝင်တစ်ဦးမှာ နှလုံးအမောဖောက် သေဆုံးသွားခဲ့ပြီး ကျန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားစဉ် တောင်တက်လမ်းတွင် မီးသတ်တပ်ဖွဲ့မှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးမြင့်ဇော်မှာ ခရီးပန်းနေစဉ် ရေသောက်လိုက်သဖြင့် နှလုံးအမောဖောက်ကာ ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ခိုင်သုခက DMG ကို အတည်ပြုပြောသည်။

“သူတို့ မီးသတ်တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဇော်ဆိုတဲ့လူက ကျနော်တို့ ရွှေပြည်သစ်ကားပေါ်ကနေ ခေါ်လာတဲ့နေ့က လမ်းလျှောက်ရင်း နားတဲ့အချိန်မှာ နှလုံးဖောက်ပြီးတော့ ချက်ချင်းသေသွားတာရှိတယ်။ ပါလာတဲ့လူတွေနဲ့ ကျွန်တော်တို့ ဆေးတပ်ဖွဲ့ဝင်တွေကလည်း သူ့ကိုကယ်တင်ဖို့ တော်တော်လေးကြိုးစားကုသခဲ့သေးတယ်။ သူ့ဖြစ်ပုံက မင်းသွေး(ရုပ်ရှင်မင်းသား) ဖြစ်တဲ့ပုံစံမျိုးပေါ့နော်။ တောင်တက်ပြီး မောနေတဲ့အချိန်မှာ ရေသောက် လိုက်တဲ့အတွက်ဖြစ်သွားတာ ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှပြန်လာည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနှင့် တခြားအရပ်သား ၁၂ ဦး စုစုပေါင်း ၃၁ ဦး စီးနင်းလိုက်ပါလာသည့် ရွှေပြည်သစ် မော်တော်ယာဉ်လိုင်းကားကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထမ္မရာဇ်ကျေးရွာအနီးတွင် AA အဖွဲ့က တားဆီးကာ လိုက်ပါလာသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခဲ့သူ (၃၁) ဦးထဲမှ အရပ်သား ၁၂ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိသေးသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် အုပ်ချုပ်ရေးမှူးများထံသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

သေဆုံးသွားခဲ့သည့် မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးမြင့်ဇော်မှာ စိတ်သဘောထား ကောင်းမွန်သူတစ်ဦးဖြစ်ကာ ၎င်းသေဆုံးသွားခဲ့မှုအား ရက္ခိုင့်တပ်တော်အနေဖြင့် မိသားစုနှင့်အတူ စိတ်မကောင်းဖြစ်ရသည်ဟု အေအေက ဆိုသည်။

“ကျွန်တော်တို့ဘက်ကလည်း တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရတာကတော့ ဒီလူဟာ လူတိုင်းနဲ့သဟဇာတဖြစ်တယ်။ သဘောထားကောင်းတဲ့လူဖြစ်တယ်လို့တော့ သိရတယ်။ ကျွန်တော်တို့လည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

AA မှ ပြန်လွှတ်ပေးလိုက်ပြီဆိုသူ မီးသတ်တပ်ဖွဲ့များမှာ လက်ရှိအချိန်ထိ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့သို့ ပြန်ရောက်လာခြင်းမရှိသေးသဖြင့် “အတည်မပြုနိုင်သေး”ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစံရွှေထွန်းက DMG ကိုပြောသည်။

ယင်းအပြင် ဖမ်းဆီးခံရသည့်မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှ တစ်ဦးသေဆုံးသွားသည်ဆိုသည်ကိစ္စနှင့် ပတ်သက်၍လည်း လတ်တလောတွင် ထင်မြင်ချက်မပေးနိုင်သေးကြောင်း ဦးစံရွှေထွန်းကဆိုသည်။

ဗီဒီယိုများ