ရွှေကို ဝယ်သူနည်းပြီး ပေါင်နှံသူများလာ

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်လာဈေး ထိန်းချုပ်မှုတို့ကြောင့် ရွှေဈေးများ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိမှာ ရွှေကို ဝယ်ယူသူနည်းပါးကာ ပေါင်နှံသူများလာနေကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

19 May 2022

DMG ၊ မေ ၁၉

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်လာဈေး ထိန်းချုပ်မှုတို့ကြောင့် ရွှေဈေးများ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိမှာ ရွှေကို ဝယ်ယူသူနည်းပါးကာ ပေါင်နှံသူများလာနေကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

“ရွှေကို ဒေါ်လာဈေးနဲ့ချိန်ပြီး ရွှေဈေးတစ်ခုသတ်မှတ်ပေးတယ်။ အရင်လတွေက ရွှေဈေးက ၁၉ သိန်းကျော်လောက်ပဲရှိတာ။ အစိုးရက ဒေါ်လာဈေးကိုသတ်မှတ်လိုက်တော့ ဒေါ်လာဈေးနဲ့လိုက်ပြီး ရွှေဈေးလိုက်ချိန်ရတာပေါ့”ဟု စစ်တွေမြို့ သိဒ္ဓိအောင်ရတနာရွှေဆိုင်မှ ကိုမျိုးမျိုးက DMG သို့ပြောသည်။

လက်ရှိတွင် ရွှေဈေးများ တရိပ်ရိပ်မြင့်တက်နေမှုကြောင့် ရွှေဆိုင်များတွင် ရောင်းအားကျဆင်းနေပြီး ပေါင်နှံသူများနှင့် ရွှေပြန်ရောင်းသူများပိုများနေကြောင်း စစ်တွေမြို့မှ ရွှေလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“ပန်းထိမ်လာအပ်တဲ့သူတွေ အနည်းအကျဉ်းတော့ရှိတယ်။ အရင်ကနဲ့စာရင်တော့ သိပ်မလုပ်ရဘူးပေါ့။ အခုက ပေါင်နှံတဲ့သူတွေ၊ ရောင်းတဲ့သူတွေပိုများတယ်။ ရွှေဝယ်တဲ့သူက မရှိသလောက်နည်းတယ်ပါးတယ်”ဟု ကိုမောင်ဖြူချေက DMG သို့ပြောသည်။

မေလ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ ရွှေဈေးနှုန်းမှာ အခါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ်(၂၀ သိန်း ၄ သောင်း ၈ ထောင်)နှင့် အရည်မီ(၁၅)ပဲ တစ်ကျပ်သားကို ၁၉ သိန်းကျော်အထိရှိနေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့အထိ ရွှေဈေးမှာ ၁၉ သိန်းအထိရှိရာမှ ယနေ့မေလ ၁၈ ရက်နေ့တွင် ကျပ်သိန်း ၂၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ အမေ့အိမ်ရွှေဆိုင်ပိုင်ရှင် ကိုမျိုးမင်းဦးက DMG သို့ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏အကျိုးဆက်အဖြစ် ဒေါ်လာဈေး၊ ဆီဈေး၊ ရွှေဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲများနှင့်ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ