ရွှေဈေးခန့်မှန်းရခက်ခဲနေ၍ ရခိုင်ကရွှေဆိုင်များ အရောင်းရပ်နားထား

ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေဖြန့်ချီသွားမည်ဟု ကြေညာပြီးနောက် ပြည်တွင်းရွှေဈေးမှာ ခန့်မှန်းရခက်နေ၍ အရောင်းရပ်နားထားရခြင်းဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောကြသည်။ 

By Admin 24 Jul 2023

ရွှေဈေးခန့်မှန်းရခက်ခဲနေ၍ ရခိုင်ကရွှေဆိုင်များ အရောင်းရပ်နားထား

DMG ၊ ဇူလိုင် ၂၄

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရွှေဈေးနှုန်းများမှာ ခန့်မှန်းရခက်ခဲနေသဖြင့် ရခိုင်ပြည်အတွင်းက ရွှေဆိုင်အများအပြားမှာ ယာယီ အရောင်းရပ်နားထားရကြောင်း သိရသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်အမျိုးအစားကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေဖြန့်ချီသွားမည်ဟု ဇူလိုင် ၂၃ ရက်နေ့က ကြေညာခဲ့သည်။ ယင်းနောက် ပြည်တွင်းရွှေဈေးမှာ ခန့်မှန်းရခက်နေ၍ အရောင်းရပ်နားထားရခြင်းဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောကြသည်။ 

“ရွှေဈေးက ရန်ကုန်မှာ ဈေးမဖွင့်တာကြောင့် မသိရဘူး။ ဘယ်အချိန်သိရမလဲဆိုတာ အတိအကျပြောလို့မရဘူး။ အရင်ဆိုရင် ၁၁ နာရီခွဲဆိုရင် သိရပြီ။ အခုက မသိရဘူး။ လက်ရှိမှာ ရွှေအရောင်းအဝယ် မလုပ်သေးဘူး” ဟု စစ်တွေမြို့ သိဒ္ဓိအောင်ရွှေဆိုင် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ရွှေဆိုင်များ အရောင်းအဝယ် ရပ်နားထားရသဖြင့် လက်ရှိတွင် ရွှေထည်အဟောင်းများကိုသာ လှဲလှယ်ပေးနေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

ဇူလိုင်လ ၂၂ ရက် စနေနေ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၃၂၇,၀၀၀ ရှိခဲ့ပြီး ယနေ့တွင် ရန်ကုန်ဈေးကွက် ပိတ်ထားသောကြောင့် ရွှေဈေးမသိရသည့်အတွက် အရောင်းရပ်နားထားခြင်းဟု စစ်တွေမြို့က ရွှေဆိုင်လုပ်ငန်းရှင် ဦးမောင်ကြီးက ပြောသည်။  

“ဒီနေ့ ရွှေဈေးအခြေအနေကို လုံးဝမသိရဘူး။ ကျနော်တို့ရောင်းတဲ့ ရွှေအဝယ်ဒိုင်တွေက အကုန်လုံးပိတ်ထားတယ်။ ဘာကြောင့် ပိတ်ထားတာလဲတော့ မသိရဘူး။ ဝယ်တဲ့ဆိုင်တွေက မဖွင့်ဘူး။ သူတို့လည်း ပိတ်ထားတော့ ကျနော်တို့လည်း အရောင်းအဝယ်လည်း မလုပ်ဘူး” ဟု သူက ပြောသည်။ 

ကျောက်တော်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကလည်း “ကျနော်တို့မှာ ရွှေဈေးက ရန်ကုန်ကိုအခြေခံပြီး အရောင်းအဝယ် လုပ်ရတာဆိုတော့ ရန်ကုန်မှာဈေးဖွင့်မှ ဒီဘက်မှာအရောင်းအဝယ် အဆင်ပြေမှာပါ။ ဒီနေ့ဈေးကွက်တော့ မသိရသေးဘူး” ဟု ပြောသည်။ 

ရွှေဈေးမြင့်တက်နေ၍ ရောင်းအားနှင့် ဝယ်လိုအားကျဆင်းနေချိန်တွင် စစ်ကောင်စီက ကျပ်နှစ်သောင်းတန်  ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရွှေဈေးမတည်မငြိမ်ဖြစ်ကာ ရွှေဈေးနှုန်း ပို၍မြင့်တက်လာမည်ကို ရွှေဆိုင်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။ 

ယနေ့ ရွှေဈေးနှုန်းသတ်မှတ်ချက်အရ  အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းကျော်ဖြင့် ဈေးဖွင့်ထားသော်လည်း အရောင်းအဝယ်မပြုလုပ်ဘဲ ဈေးကွက်စောင့်ကြည့်နေသည့် ရွှေဆိုင်များရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

“အခု ရွှေဈေးနှုန်းအခြေအနေကို ၂၃ သိန်းကျော်လောက် သတ်မှတ်ထားတယ်။ အပြင်မှာ ဈေးတက်နေတာက ဘာကြောင့်လဲတော့ မသိဘူး။ အရောင်းအဝယ်လည်း ဖြစ်ကြတာမဟုတ်ဘူး။ သက်သက်လိုက်ဖွနေတာမျိုးပါ။ ဒီနေ့ရန်ကုန်မှာဆိုရင် တချို့ဆိုင်တွေက ဖွင့်တယ်။ တချို့ဆိုင်တွေက ဈေးကွက်စောင့်နေကြတယ်။ လာရောင်းရင်တော့ အကုန်လုံးဝယ်ကြပါတယ်” ဟု သူက ပြောသည်။ 

နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမည့်ကိစ္စနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းများ မြင့်တက်သွားခြင်းနှင့် အရောင်းအဝယ်များ ယာယီရပ်နားသွားခြင်းမှာ မြန်မာ့ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေခြင်းဟု စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်နေကြသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းရွှေစျေးနှုန်းမှာ တဖြည်းဖြည်းနှင့် အဆမတန်မြင့်တက်လာနေသည်။ 

#I001

ဗီဒီယိုများ