ဒေါ်လာနှင့် ရွှေဈေး ကျသော်လည်း ရခိုင်တွင် ကုန်ဈေးနှုန်းများ မကျနိုင်သေး

ရခိုင်ပြည်တွင် ကုန်ဈေးနှုန်းများ မကျသေးခြင်းမှာ - ဒေသတွင်းကုန်ပစ္စည်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းက ကုန်ဈေးနှုန်းကျဆင်းမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ဒေသတွင်း စီးပွားရေးသမားများက ရှုမြင်သည်။

By Admin 02 Oct 2023

ဒေါ်လာနှင့် ရွှေဈေး ကျသော်လည်း ရခိုင်တွင် ကုန်ဈေးနှုန်းများ မကျနိုင်သေး

DMG ၊ အောက်တိုဘာ ၂

လတ်တလော ကမ္ဘာ့ ရွှေဈေးနှင့် ဒေါ်လာဈေးတို့မှာ တဖြည်းဖြည်း ကျဆင်းလာသော်လည်း ရခိုင်ပြည်အတွင်း အခြေခံ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများမှာ ကျဆင်းလာခြင်း မရှိသေးကြောင်း သိရသည်။

သြဂုတ်လက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ နီးပါး စံချိန်တင် မြင့်တက်ခဲ့ရာကနေ လတ်တလော ငွေကျပ် ၃၃ သိန်းကျော်အထိနှင့် အမေရိကန် ဒေါ်လာဈေးနှုန်းမှာလည်း ၁ ဒေါ်လာကို ကျပ် ၄,၀၀၀ ဝန်းကျင်အထိ ရှိခဲ့ရာကနေ ယနေ့တွင် ကျပ် ၃,၂၆၀ အထိ ကျဆင်းလာသည်။

သို့သော် ရခိုင်ပြည်တွင် ကုန်ဈေးနှုန်းများ မကျသေးခြင်းမှာ - ဒေသတွင်းကုန်ပစ္စည်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းက ကုန်ဈေးနှုန်းကျဆင်းမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း ဒေသတွင်း စီးပွားရေးသမားများက ရှုမြင်သည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးတင်အောင်ဦးက “ကုန်ဈေးနှုန်းကတော့ သိသိသာသာကျဆင်းနေတာ မရှိသေးပါဘူး။ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း သုံးစွဲသူ လိုအပ်သလောက်မရတဲ့ အနေအထားနဲ့ ပစ္စည်း ပြတ်လပ်မှုတွေရှိတယ်။ စားသောက်ကုန်ပစ္စည်းတွေဆိုရင်လည်း ပြည်မဘက်က တင်သွင်းနေရတော့ ဒါလည်း အချိန်တစ်ခုလိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်နှင့် အခြား ဆန်၊ ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုအား ထိန်းချုပ်ရန် စစ်ကောင်စီက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို သြဂုတ်လက ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ရွှေဈေး၊ ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာသည်ဟု ပြောဆိုနိုင်သော်လည်း ရခိုင်ဒေသအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ယခင်မူလအတိုင်းသာ ရှိနေသည်။

စက်တင်ဘာလအတွင်းက စက်သုံးဆီ တစ်လီတာကို ၂၄၀၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း လက်ရှိမှာ ၂,၆၀၀ ကျပ်၊ ၂,၇၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ ယင်းအပြင် စားသုံးဆီတစ်ပိဿာကို ၅, ၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိ ၆,၈၀၀ ကျပ် ဈေးနှုန်းနှင့် အခြားဆန်နှင့် ဟင်းသီးဟင်းရွက်များမှာလည်း မြင့်တက်လာသည်ဟု သိရသည်။

ထိုသို့ ကုန်ဈေးနှုန်းမြင့်တက်ခြင်းမှာ ယခင်ဒေါ်လာဈေးမြင့်တက်ချိန်က ဝယ်ယူထားသည့် ကုန်ပစ္စည်းများကိုသာ ပြန်လည်ရောင်းချနေရသည့်အတွက် ဖြစ်သည်ဟု မြေပုံမြို့မှ ကုန်စုံရှင်ပိုင်ရှင် ဒေါ်တင်တင်လှကပြောသည်။

“လက်လီဝယ်ယူရတာလည်း ဈေးတက်နေတော့ လက်ကားဈေး တက်မှာပဲ။ အဓိကတော့ အထက်မှာ ဈေးကျရင် ဒီမှာလည်းဈေးကျမှာပါ။ အရင်ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေ မကုန်သေးတာလည်းပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် မည်သို့ဆောင်ရွက်နေသည်ကို မေးမြန်းရန် ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်ကို DMG က ဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထိုသို့ ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို မုန်တိုင်းဒဏ်သင့် အခြေခံလက်လုပ်လက်စားများ ပိုမိုခံစားနေကြရပြီး တစ်နေ့တာ အသုံးစရိတ်ကို ချွေတာသုံးစွဲနေကြရသည်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နေ ဒေါ်ပန်းသဇင်က “ကျမတို့မိသားစုမှာ အရင်ကာလက တစ်နေ့ ဈေးအသုံးစရိတ် ငါးထောင်ကျပ်နဲ့ စားလောက်တယ်။ အခုကျတော့ တစ်သောင်းကျပ်နဲ့တောင် မလောက်ငှတော့ဘူး။ အသားငါး မဝယ်တော့ဘူး။ ချဉ်ပေါင်ဟင်းတောင် အရင်က တစ်စည်းတစ်ရာကျပ်နဲ့ ရတယ် အခုကတော့ တစ်စည်းကို သုံးရာကျပ်ဖြစ်နေတာ” ဟု ပြောသည်။

လတ်တလော ရခိုင်တွင် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းမှာ နိုင်ငံရေးပဋိပက္ခနှင့် လုံခြံရေး၊ လမ်းပန်းဆက်သွယ်ရေး အကြောင်းပြချက်ဖြင့် လုပ်ငန်းရှင်များ၏ ဈေးကစားခြင်းကိုလည်း အခြေခံလူတန်းစားများ ခံနေရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

#R010 #DMG

ပုံစာ -  အခြေခံစားသောက်ကုန်တချို့အား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။

ဗီဒီယိုများ