ကိုဗစ်ပိုးတွေ့လူနာများကို သတ်မှတ်ချက်အသစ်ပြောင်းလဲကာ ဆေးရုံမှဆင်းခွင့်ပြုနေကြောင်း စစ်တွေ ဆေးရုံအုပ်ကြီးပြော

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့အထိ COVID-19 ပိုးတွေ့လူနာ ၄၃၉ ဦး ဆေးကုသမှု ခံယူလျက်ရှိသည့်အထဲမှ ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၄၂ ဦးရှိကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

By သက်ပိုင် 16 Sep 2020

သက်ပိုင် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့အထိ COVID-19 ပိုးတွေ့လူနာ ၄၃၉ ဦး ဆေးကုသမှု ခံယူလျက်ရှိသည့်အထဲမှ ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၄၂ ဦးရှိကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများထဲမှ ရောဂါသက်သာပျောက်ကင်းသွားသူ များကို ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကပြောသည်။

နိုင်ငံတကာ ဆေးသုတေသနပညာရှင်များ၏ တွေ့ရှိချက်များအရ ဆေးရုံဆင်းသတ်မှတ်ချက်အသစ် ပြောင်းလဲကာ ရောဂါကြီးကြီးမားမားမရှိသည့် ပိုးတွေ့လူနာများကို ဆေးရုံတွင် ၁၄ ရက်ထားရှိစောင့်ကြည့် ပြီးနောက် ဆေးရုံမှဆင်းခွင့်ပြုခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“နိုင်ငံတကာဆေးကုသမှု ဂိုက်လိုင်းတွေနဲ့ ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ လူတစ်ယောက် ကို ဗိုင်းရပ်စ်ပိုးဝင်သွားရင် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း အဲဒီပိုးဟာအခြားလူတွေကို ကူးစက်နိုင်စွမ်း မရှိတော့ဘူး” ဟု ဒေါက်တာဇော်လွင်က ဆိုသည်။

ယခင်က ဆေးရုံဆင်းသတ်မှတ်ချက်တွင် နှစ်ကြိမ်ဆက်တိုက်စစ်ဆေးပြီးနောက် ပိုးမတွေ့ရှိမှသာ ဆေးရုံက ဆင်းခွင့်ပြုခဲ့သော်လည်း ယခုပြန်လည်မွမ်းမံထားသည့် ဆေးရုံဆင်းသတ်မှတ်ချက်အရ ၁၄ ရက်ကြာ စောင့်ကြည့်ပြီးနောက် ရောဂါလက္ခဏာမပြပါက ဆေးရုံမှဆင်းခွင့်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာဇော်လွင်က ဆက်ပြောသည်။

“အရင်တုန်းကတော့ ဆေးရုံဆင်းသတ်မှတ်ချက်က နှစ်ကြိမ်ပိုးမတွေ့မှ ဆင်းရမယ်ဆိုတာကို ဗျူဟာ ပြောင်းလိုက်တယ်။ ပိုးတွေ့ပြီး ၁၄ ရက်အကြာမှာ ရောဂါလက္ခဏာမတွေ့ဘူးဆိုရင် ၁၄ အကြာမှာ ပြန်ဆင်းလို့ ရပြီ။ နောက်တစ်ခုက ပိုးတွေ့တယ်၊ ရောဂါကြီးကြီးမားမားရှိရင် ရောဂါပျောက်တဲ့အထိကုရမယ်။ ဆေးရုံမှာ ၂၁ ရက်နေရမယ်” ဟု ၎င်းကရှင်းပြသည်။

ထိုသို့ ဆေးရုံမှဆင်းခွင့် ရရှိသူများကို ဆေးရုံမှဆင်းပြီးနောက် အိမ်တွင်တစ်ပတ်ခန့် Quarantine ဝင်ရောက်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ဆေးရုံဆင်းခွင့်ရသည့် လူနာဦးရေ များလာပြီဖြစ်သဖြင့် စစ်တွေမြို့၌ COVID -19 လူနာများကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ကုသနိုင်နေပြီဖြစ်ကြောင်း ဒေါက်တာဇော်လွင်ကဆိုသည်။

စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီအချိန် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ ၃၆၃၆ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၈၃၂ ဦးနှင့် သေဆုံးသူ ၃၉ ဦး ရှိကြောင်း သိရသည်။

လက်ရှိ စစ်တွေဆေးရုံကြီး၌ ကိုဗစ်ပိုးတွေ့လူနာ ၁၉၇ ဦးမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ