ရခိုင်က မြို့နယ်အချို့တွင် စစ်တပ်၊ ရဲ၊ လဝက ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများရှိနေ

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် နေ့လည်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ်တပ်၊ ရဲနှင့် လဝက စသည့်အဖွဲ့များပူးပေါင်းပြီး  လမ်းသွား၊ လမ်းလာ၊ ကား၊ ဆိုင်ကယ်များကို ရပ်တန့် စစ်ဆေးခြင်း များရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြသည်။

07 Aug 2021

DMG ၊ သြဂုတ် ၇

ရခိုင်ပြည်အတွင်းက မြို့နယ်တချို့တွင် နေ့လည်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ်တပ်၊ ရဲနှင့် လဝက စသည့်အဖွဲ့များပူးပေါင်းပြီး  လမ်းသွား၊ လမ်းလာ၊ ကား၊ ဆိုင်ကယ်များကို ရပ်တန့် စစ်ဆေးခြင်း များရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြသည်။

ရခိုင်ပြည်၏မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် သြဂုတ်လ ၆ ရက် ညနေပိုင်းမှစတင်ပြီး မင်းဂံ၊ မီးစက်ကြီးအဝိုင်းအနီးနှင့် အဝေးပြေးကားဂိတ်ဟောင်းအနီး စသည့်နေရာများတွင် စစ်တပ်နှင့်ရဲမှ ပူးပေါင်းကာ ဆိုင်ကယ်၊ ကားနှင့် လမ်းသွားလမ်းလာများအား ဆိုင်ကယ်ဘောက်များကိုဖွင့်ပြီး စစ်ဆေးမေးမြန်းခြင်းများ ရှိခဲ့သည်ဟု ဒေသခံများကပြောဆိုကြသည်။

မင်းဂံရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက “ကျမတို့ အိမ်အနီးအနားမှာ စစ်ဆေးမှုတွေရှိခဲ့တာပါ။ တချို့ဆိုရင် ဆိုင်ကယ်ဘောက်တွေကို ဖွင့်စစ်ဆေးတယ်။ တချို့ဆိုရင် အဲဒီနေရာမှာ ထိုင်ခိုင်ထားတာတွေလည်း ရှိတယ်။ သူတို့က ဘာကို စစ်ဆေးတယ်ဆိုတာတော့ ကျမတို့လည်းမသိရဘူး။ ကျမတို့အိမ်အနားမှာ အရင်တုန်းက ဒီလိုစစ်တာမရှိဘူး။ မနေ့ညက စပြီးစစ်တာပါ။ စစ်တပ်ကား ၂ စီးပါတယ်။ ကျမတို့လည်း ကြောက်လန့်ပြီး အိမ်ထဲမှာ အသံတောင်မထွက်ရဲကြဘူး။ ” ဟု ဆိုသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှာ အဝေးပြေး ကားဂိတ်အနီးတွင် နေ့စဉ်လုံခြုံရေး စောင့်ကြည့်မှုများရှိသော်လည်း စစ်ဆေးမှုများ မရှိခဲ့ဘဲ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ပြန်လှည့်သွားခဲ့ကြသည်။
သို့သော်လည်း မနေ့ကညက ညည့် ၉ နာရီ ကျော်အထိ ရှိခဲ့သည်ဟု စစ်တွေအဝေးပြေးကား ဂိတ်ဟောင်းအနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

“ကားဂိတ်နားမှာတော့ ညတိုင်းရှိတယ်။ ဒါပေမဲ့ စောစောပြန်သွားကြတယ်။ မနေ့ညက ၉ နာရီကျော်လောက်ထိ ရှိတယ်။ စစ်တပ်ကား ၃ စီးလောက် ရှိတယ်။ ဆိုက်ကယ် ဘောက်တွေကို ဖွင့်ပြီး စစ်ဆေး တာတွေ လည်းရှိခဲ့တယ်လို့ သိရပါတယ် “   ဟုဆိုသည်။

ထိုနည်းတူ ကျောက်ဖြူမြို့တွင်လည်း စစ်တပ်၊ ရဲ၊ လဝက စသည့်အဖွဲ့များပူးပေါင်းကာ ဆိုင်ကယ်၊ကား မောင်းနှင်လာသူများကို နှာခေါင်းစည်းများ တပ်၊ မတပ် စစ်ဆေးခြင်း၊ ဆိုင်ကယ်ဘောက်များကို ဖွင့်လှစ် စစ်ဆေးခြင်းနှင့် တချို့ကို ဖုန်းများဖွင့်လှစ်စစ်ဆေး မှုများလည်း ရှိသည့်အတွက် ဒေသခံများ မှာ စိုးရိမ်မှု မြင့်တက်နေသည်ဟု အမည်မဖော်လိုသည့် မြို့ဒေသခံ တစ်ဦးကဆိုသည်။

“ မနက်ပိုင်း စောစောကနေ စစ်တာပါ။ မြို့ကို ပတ်ပြီး တော့ တစ်နေရာ ပြီး ရင် နောက်တစ်နေရာ အဲဒီလိုမျိုး ပါ။ နှာခေါင်းစည်း စစ်တယ်။ ဆိုင်ကယ်ဘောက် တွေကို ဖွင့်ပြီးစစ်တယ်။ တချို့ဆိုရင် ဖုန်းတွေကိုပါ စစ်ဆေး တယ်။ဒီကိုဗစ်ကာလ စစ်ဆေးတယ်ဆိုရင် နှာခေါင်းစည်း တစ်ခုတည်းစစ်ဆေးပေါ့နော်။ ဒါပေမဲ့ ဆိုင်ကယ် ဘောက်တွေကို ပါစစ်ဆေးတယ်ဆိုတော့ ဒေသခံတွေကလည်း ပိုပြီးစိုးရိမ် ထိပ်လန့် ကြတာပေါ့ “ ဟုဆိုသည်။

ကျောက်ဖြူမြို့တွင် ယင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်နေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်ကာလတွင် ထိုသို့စစ်ဆေးနေသည့်အပေါ်ဒေသခံ ပြည်သူများအနေဖြင့်လည်း မေးခွန်းမျိုးစုံထုတ်ကာ သိချင်စိတ်မြင့်တက်နေကြသည်။

ယင်းပြင် မြောက်ဦး၊ ဘူးသီးတောင် မြို့များတွင် စစ်တပ် ၊ ရဲ ၊ ကျန်းမာရေးဌာန ဆိုင်ရာများ ပူးပေါင်းကာ မြို့ပတ်လှည့်လည်ပြီး နှာခေါင်းစည်းများ ဖြန့်ဝေခြင်း ၊ ကိုဗစ်စည်းကမ်းချက် နှင့် အညီ မိမိနေအိမ်တွင် နေထိုင် ရ မည့်အကြောင်းကို နှိုးဆော် ကြသည်ဟုလည်း သိရသည်။

ယင်းကဲ့သို့စစ်တပ် ၊ရဲ ၊ လဝက စသည့်ဌာနဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးနေခြင်း နှင့်ပတ်သတ်ပြီး အကြောင်းစုံ သိရှိရန် ရခိုင်ပြည် နယ်လုံဝန်ကြီး ၊ ရခိုင်ပြည်နယ်စစ်ကောင်စီ မှ သတင်းပြန်ကြားရေးတာဝန် ခံဦးလှသိန်း နှင့် စစ်တွေ မြို့နယ် အုပ်ချုပ်ရေးမှူး တို့ကို ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြား ခြင်းမရှိခဲပေ။

ဗီဒီယိုများ