စစ်အာဏာသိမ်းမှု တစ်နှစ်တာအတွင်း သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၃ ဦးသေဆုံးခဲ့

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း သတင်းသမား ၁၄၆ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း UNESCO Myanmar မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်သည်။

02 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း သတင်းသမား ၁၄၆ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း UNESCO Myanmar မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းယူပြီး တစ်နှစ်တာကာလအတွင်း မီဒီယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသား ၁၂၀ ဦးနှင့် အမျိုးသမီး ၂၆ ဦးတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ လက်ရှိအချိန်အထိ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၅၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကြောင်း UNESCO Myanmar က ဖော်ပြသည်။

ထို့ပြင် သတင်းမီဒီယာလုပ်ငန်းမှ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၇ ဦးတို့မှာတရားစွဲဆိုခံထားရပြီး တိမ်းရှောင်နေရသည့် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၄ ဦးရှိပြီး အမျိုးသား ၃ ဦးမှာ သေဆုံးခဲ့ရသည်။

ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က လက်ရှိမြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများအတွက် စိုးရိမ်စရာအနေအထားတွင်ရှိနေကြောင်းပြောသည်။

“သတင်းသမားတွေဆိုရင် အခုတိမ်းရှောင်နေကြရတယ်။ ပြည်ပဘက်ရောက်သွားတဲ့သူတွေလည်း ရှိနေတယ်။ ဒါတွေက သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာအနေအထားတွေဖြစ်တယ်။ နောက်ပိုင်းမှာ ဒီအခြေအနေအတိုင်းဆက်သွားရင်သွား၊ မသွားရင် ပိုပြီးဆိုးလာဖို့ပဲရှိနေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်အထိ လိုင်စင်ပိတ်သိမ်းခံရသည့် မီဒီယာ ၁၀ ခုရှိပြီဖြစ်ကာ တရားစွဲဆိုခံထားရသည့် မီဒီယာ ၅ ခုအထိရှိနေကြောင်း UNESCO Myanmar မှ ထုတ်ပြန်ထားသည်။

ထိုသို့လိုင်စင်ပိတ်သိမ်းခံရသည့်အထဲတွင် ပါဝင်သည့် မဇ္ဈိမသတင်းဌာနမှ စီမံခန့်ခွဲမှု အယ်ဒီတာဦးစိန်ဝင်းက စစ်ကောင်စီအာဏာသိမ်းသည့်နေ့မှစ၍ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောကပျက်စီးသွားပြီဖြစ်ကြောင်း ပြောသည်။

စစ်ကောင်စီလက်ထက်တွင် သတင်းမီဒီယာလွပ်လပ်ခွင့်သည် ဂျပန်ခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သွားပြီဟုလည်း ဦးစိန်ဝင်းကဆိုသည်။

“သတင်းမီဒီယာသမားတွေ စစ်ကြောရေးထဲမှာ အသက်သေဆုံးတာတွေအထိ ရှိလာနေတယ်။ ဂျပန်ခေတ်နဲ့ မတူတာတစ်ခုက အခုခေတ်မှာက နည်းပညာတွေကြောင့် သတင်းတွေကို နယ်စည်းမခြားတင်ဆက်နိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ မီဒီယာပိုင်းမှာ ကျရှုံးမှုတွေရှိနေတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေအပေါ်မှာ အငြိုးထားတာတွေရှိလာနေတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ အုပ်ချုပ်ရေးကာလကို နောက်ထပ်ခြောက်လထပ်မံသက်တမ်းတိုးထားသည့်အတွက် အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားလာမည်ကိုစိုးရိမ်မိကြောင်း စစ်ကောင်စီမှ တရားစွဲဆိုရန် တရားရုံးတွင်ဦးတိုက်လျှောက်ခံထားရသည့် ရခိုင်အခြေစိုက် Western News သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုက ပြောသည်။

“စစ်ကောင်စီကတော့ သူတို့အာဏာတည်မြဲဖို့အတွက် သတင်းတွေကိုအမှောင်ချဖို့ သူတို့အတွက် အနှောင့်အယှက်ဖြစ်မယ့်အရာဟူသမျှကို သုတ်သင်ရှင်းလင်းမှာပဲ။ ဒီတော့ ဒီခြောက်လတာကာလတာကာလမှာ သတင်းသမားတွေကို ဒီထက်ပိုပြီး ဖမ်းဆီးတာတွေရှိလာနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် အဆင့် ၁၄၀ တွင်တည်ရှိနေကြောင်းဖော်ပြသည်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွပ်လပ်ခွင့်သည် ဆယ်စုနှစ်တစ်စုခန့် နောက်ပြန်ဆုတ်သွားနိုင်ကြောင်းလည်း နယ်စည်းမခြားသတင်းထောက်မျာအဖွဲ့က သတိပေးပြောဆိုထားသည်။

ဗီဒီယိုများ