စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီကို ရှုတ်ချကြောင်း တိုင်းရင်းမီဒီယာအဖွဲ့များ ထုတ်ပြန်

စစ်ကောင်စီလက်အောက်ခံ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ” သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာများအပေါ် ကိုယ်စားပြုခြင်းမရှိသဖြင့် ၎င်းကောင်စီကို ရှုတ်ချကြောင်း တိုင်းရင်းမီဒီယာညီလာခံ က ထုတ်ပြန်လိုက်သည်။

By Admin 03 May 2023

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၏ စစ်ကောင်စီထံ ကတိသစ္စာပြုခြင်း အခမ်းအနား။ ဓာတ်ပုံ - CINCDS
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၏ စစ်ကောင်စီထံ ကတိသစ္စာပြုခြင်း အခမ်းအနား။ ဓာတ်ပုံ - CINCDS

DMG ၊ မေ ၃

စစ်ကောင်စီလက်အောက်ခံ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ” သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာများအပေါ် ကိုယ်စားပြုခြင်းမရှိသဖြင့် ၎င်းကောင်စီကို ရှုတ်ချကြောင်း တိုင်းရင်းမီဒီယာညီလာခံ က ထုတ်ပြန်လိုက်သည်။

အဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို နိုင်ငံတကာမြန်မာသတင်းအဖွဲ့(BNI)မှ ဦးဆောင်ပြီး နယ်စပ်တစ်နေရာတွင် ဧပြီလနောက်ဆုံးအပတ်က ၃ ရက်ကြာ ကျင်းပခဲ့ကြသည်။

“အခုလက်ရှိ စစ်ကောင်စီအောက်က လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဆိုတာက လွတ်လပ်တဲ့ မြန်မာမီဒီယာအားလုံးကို ကိုယ်စားပြုမှုမရှိဘူး။ စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ကောင်စီလို့ပဲ ကျမတို့က ခံယူထားတယ်” ဟု တိုင်းရင်းမီဒီယာညီလာခံ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နန်းဖော့ဂေက ပြောသည်။

အဆိုပါညီလာခံတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ထိန်းကျောင်းပေးမည့် အမှီအခိုကင်းသော ကိုယ်တိုင်ထိန်းညှိမှုယန္တရား (Independent Self-Regulatory Body) တစ်ခုကို ဖွဲ့စည်းရန်အတွက် သဘောတူညီခဲ့ကြပြီး ထိုသို့ပေါ်ပေါက်ရေးအတွက် လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့တစ်ခုကိုပါ ဖွဲ့စည်းခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီမှာ သတင်းသမားလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ သတင်းထုတ်လုပ်ခွင့်ကို မကူညီနိုင်ဘဲ အမည်ခံသက်သက်သာ ဖြစ်နေကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြသည်။

“ဒီနေ့ သတင်းမီဒီယာလွတ်လပ်ခွင့်နေ့မှာ - မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်ပေါ်မှာ မူတည်ပြီးတော့ သတင်းမီဒီယာလွတ်လပ်ခွင့် လုံးဝမရှိဘူးလို့ ပြောရမှာပဲ” ဟု ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်က ပြောသည်။

ယနေ့ မေလ ၃ ရက်နေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပစ်မှတ်ထားခံရမှုကြောင့် သတင်းသမားများမှာ အခက်အခဲများစွာဖြင့် လုပ်ကိုင်နေကြရပြီး သတင်းရင်းမြစ်များကိုပါ ခြိမ်းခြောက်မှုများရှိနေသဖြင့် သတင်းရေးသားတင်ဆက်ရာတွင် စိန်ခေါ်မှုများစွာရှိကြောင်း သတင်းသမားများက ပြောဆိုကြသည်။

ထိုသို့ စိန်ခေါ်မှုများကြားမှ သတင်းထုတ်လုပ်နေကြသည့် သတင်းသမားများ၊ မီဒီယာအဖွဲ့အစည်းများကိုလည်း အသိအမှတ်ပြုကြောင်း တိုင်းရင်းမီဒီယာညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက် သတင်းထောက်များနှင့် သတင်းဌာနများ၏ ရပ်တည်ရေးမှာ ပိုမိုဆိုးရွားသွားကြောင်း ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Western News အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။

“စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေရှိတယ်။ ဒါကြောင့် သတင်းသမားတွေက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တချို့သတင်းသမားတွေဆိုရင် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် သတင်းထောက်မလုပ်ရဲကြတော့ဘူး” ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၅၆ ဦး ဖမ်းဆီးခံထားရပြီး ယင်းအထဲမှ သတင်းသမား ၄ ဦး အသတ်ခံခဲ့ရသည်။ ယနေ့ မတ်လ ၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၂,၁၀၀ ကျော်ထဲတွင် သတင်းမီဒီယာသမား ၅ ဦးပါဝင်သည်။

#R007

ဗီဒီယိုများ